ကယ်ဆယ်ရေးနဲ့ ငြှိမ်းသတ်ရေးကို တစ်ပြိုင်တည်းလုပ်ခဲ့လို့ သေဆုံးသူမရှိခဲ့တဲ့ နှစ်နာရီကျော်ကြာမီးလောင်မှု

local01.jpg

တိုက်ခန်းတစ်ခန်းတည်းလောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုမှာ လူ(၃)ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်က မနေ့ကမှ ဖြစ်ပွားခဲ့တာပါ။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်းက တိုက်ခန်းတစ်ခန်းမှာ လောင်ကျွမ်းခဲ့တာ ဖြစ်ပြီးတော့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရတာပါ။

ဒါပေမဲ့ ဒီကနေ့ဖြစ်ပွားတဲ့ ၂ နာရီကျော်ကြာလောင်ကျွမ်းခဲ့တဲ့ သံဈေးမီးလောင်မှုမှာတော့ ပိတ်မိနေတဲ့ လူ ၈၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးတော့ သေဆုံးသူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒါဟာ အသိအမှတ်ပြုရမယ့် ကြိုးစား အားထုတ်မှုတစ်ခုပါပဲ။

”အရေးပေါ်လှေကားတော့ရှိတယ်၊ ဆင်းလို့မရတော့ ကိုယ့်အခန်းကိုယ် ပြန်နေကြတယ်။ ကယ်တဲ့ အချိန်မှာလည်း မီးခိုးများနေလို့ မီးသတ်ပိုက်နဲ့ မီးခိုးမထွက်အောင် ဖြန်းပြီးမှ ကယ်ခဲ့ရတယ်။ အသက်ကြီးပိုင်းတွေ လည်းပါတယ်။ အားလုံးကို ဘေးအန္တရာယ်ကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးနဲ့ ငြှိမ်းသတ်ရေးကို တစ်ပြိုင်တည်းလုပ်ခဲ့တာပါ”လို့ အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးဝင်းက ပြောပါတယ်။

အခုလိုကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ မီးခိုးများတဲ့အတွက် အပေါ်ထပ်တွေမှာ ပိတ်မိနေသူတွေကို လှေကားကနေတစ်ဆင့် ဆင်းခိုင်းရတာမျိုးလည်းရှိခဲ့ပြီး လှေကားတင်ယာဉ်(ကရိန်းယာဉ်)တွေနဲ့ ကယ်ထုတ် ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီအဆောက်အဦ ၁၀ လွှာမှာ နေထိုင်တဲ့ ကိုမော်စီကတော သူကြုံရမြင်ရတာတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

”လှေကားကနေ မီးခိုးလုံးတွေတက်လာလို့ အိမ်မှာပြန်နေလိုက်ရတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ရအောင် အဆင်သင့်လုပ်ထားရတယ်။ ကယ်ဆယ်ရေးတွေရောက်လာတော့ လွတ်တဲ့အပေါက်ကနေ ကယ်ထုတ် ကြတယ်။ အသက်ကြီးပိုင်းတွေနဲ့ လမ်းမလျှောက် နိုင်တဲ့သူတွေပါတော့ ခက်ခက်ခဲခဲကယ်ထုတ်ကြရတယ်”လို့ ဆိုပါတယ်။

သံဈေးမီးလောင်မှုက Level-5 အဆင့်တောင် သတ်မှတ်ခဲ့တာဖြစ်ပြီး မနက် ၆ နာရီလောက်ကလောင်တဲ့ မီးကို ၉ နာရီ ၁၀ မိနစ်လောက်မှသာ အပြီးသတ်မီးငြှိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် သံဈေး ဒုတိယထပ်က ဆိုင်ခန်း ၄၂ ခန်း လောင်ကျွမ်းခဲ့ပြီး ၁၈ ခန်းက မီးဟတ်ခံခဲ့ရပါတယ်။

”လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရတာမျိုး မရှိပါဘူး။ အများစုကတော့ မီးခိုးမွှန်ပြီး အသက်ရှူကြပ်လို့ ရန်ကုန်ဆေးရုံကြီးကိုပို့ရတာပါ။ အချို့ကိုတော့ လူနာတင်ယာဉ်ပေါ်မှာပဲ ပြုစု ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်”လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောပါတယ်။

ဒီဖြစ်စဉ်အတွင်းမှာ ဓါတ်လှေကားနဲ့ (၁၀)လွှာမှာ ပိတ်မိနေတဲ့ လူ(၈၅)ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ တစ်ယောက်မှမရှိပေမယ့် ဒဏ်ရာရသူ ၁၈ ဦးတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ရတဲ့ အခြေအနေပါ။

အခုလိုကယ်တင်နိုင်ခဲ့တဲ့လူတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က မီးလောင်တဲ့ အထပ်မြင့် ၁၀ လွှာကနေ ကပ်လျက်တိုက်ခေါင်မိုးပေါ်ကတစ်ဆင့် မြေပြင်ကိုရောက်အောင် ကယ်ဆယ်ရွှေ့ထုတ်ခဲ့တာပဲဖြစ်ပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ သက်ဆိုင်ရာကနေ သီးခြားအဖွဲ့ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top