ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်က သူရဲ့ တစ်ဦးတည်းသောချစ်ရတဲ့ သားလေးရဲ့ အကျင့်ဆိုးတွေကြောင့် နေ့စဉ်နဲ့အမျှ စိတ်မောကိုယ်မော ဖြစ်နေရပါတယ်။ တစ်နေ့မှာ သူဌေးကြီးက သားဖြစ်သူကို ဆိုဆုံးမဖို့အတွက် ပညာရှိအဖိုးအိုတစ်ဦးဆီ သားဖြစ်တဲ့သူကို ခေါ်သွားခဲ့ပါတယ်။ ပညာရှိအဘိုးအိုက ကောင်လေးရဲ့ အကျင့်ဆိုးတွေကို ပြုပြင်ဖို့နဲ့ နှိုင်းယှဉ်ပြသနိုင်ဖို့အတွက် နည်းလမ်းတစ်ခုစဉ်းစားပြီးနောက်မှာ တောအုပ်တစ်ခုထဲကို ခရီးထွက်လာခဲ့ပါတယ်။
ခရီးတစ်ထောက်အနားမှာတော့ အဘိုးအိုက ကောင်လေးကို မြေပြင်ပေါ်မှာပေါက်နေတဲ့ အပင်ငယ်လေးတစ်ပင်ကို ဆွဲနုတ်စေခဲ့ပါတယ်။ ကောင်လေးက အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ပဲ ဆွဲနုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခရီးဆက်ခဲ့ကြရာ တစ်နေရာအရောက်မှာ အဘိုးအိုက ထပ်မံပြီး အပင်တစ်ပင်ကို ဆွဲနုတ်ခိုင်းပြန်တယ်။ ဒီတစ်ခါမှာတော့ ပထမတစ်ခေါက်လောက် လွယ်လွယ်ကူကူမနုတ်နိုင်တော့ပေမဲ့ ကြိုးစားအားစိုက် ခဲ့တဲ့အတွက်ကြောင့် နောက်ဆုံးမှာတော့ အမြစ်ပါအောင်ဆွဲနုတ်နိုင်ခဲ့ပါတယ်။
အနည်းငယ်အမောဖြေပြီးနောက် ခရီးဆက်ခဲ့ကြပြန်တယ်။ တစ်နေရာအရောက်မှာတော့ အဘိုးအိုက အတော်အတန်အရွယ်ရောက်နေတဲ့ သစ်ပင်တစ်ပင်ကို ဆွဲနုတ်ဖို့အတွက် ကောင်လေးကို ညွှန်ပြပြန်တယ်။ ကောင်လေးက အကြိမ်အကြိမ်အခါအခါ ကြိုးစားပြီး ဆွဲနုတ်ပေမဲ့လည်း နောက်ဆုံးမှာ မဆွဲနုတ်နိုင်ခဲ့ဘဲ လက်လျော့ခဲ့ရပါတယ်။
ဒီအခါမှာ ချွေးတွေနဲ့မောနေတဲ့ ကောင်လေးကိုကြည့်ပြီး အဘိုးအိုက ပြုံးလိုက်ပါတယ်။ အဲဒီနောက်မှာ “ဒီမှာ ကောင်လေး… ကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ် ဆိုးတဲ့အကျင့်ပဲဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ ဖျောက်ဖျက်ဖျက်ဆီးဖို့ဆိုတာ အလွန်ခက်ခဲတယ်။ အပင်တွေက အမြစ်မခိုင်ခင်ဆွဲနုတ်လို့ရပေမဲ့ အမြစ်တွေခိုင်မြဲလာရင်တော့ ဆွဲနုတ်ဖို့ အင်မတန်ခက်ခဲပါတယ်။ အလားတူပဲ အကျင့်ဆိုးတွေကိုလည်း အမြစ်မတွယ်ခင်ဆွဲနုတ်နိုင်မှသာ မင်းဘဝမှာ အောင်မြင်မှုတွေရရှိနိုင်မှာ” လို့ ဆုံးမလိုက်ပါတယ်။
Ref: “Bad Habits”
Paradise (ရိုးရာလေး)