မှတ်ဉာဏ်အားကောင်းစေမယ့် ရိုးရှင်းတဲ့နည်းလမ်းတွေ

yyl-029.jpg

အိမ်ထဲကထွက်လာပြီး အိမ်အပြင်ရောက်ခါမှ ဖုန်း (သို့) ပိုက်ဆံအိတ်မေ့ကျန်ခဲ့တာကို သိလိုက်ရတာမျိုး စာဖတ်ပရိသတ်တွေလည်း ကြုံဖူးကြမှာပါ။ အသက်အရွယ်ကြောင့် မေ့တတ်လာတာမဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုခုကို မေ့လျော့လာပြီဆိုရင် သင့်ဦးနှောက်ကို မှတ်ဉာဏ်အားကောင်းအောင်လုပ်ဖို့လိုလာပါပြီ။ တစ်ခုခုဆို လွယ်လွယ်နဲ့ မမေ့တော့အောင် မှတ်မိစေဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ မှတ်ဉာဏ်အားကောင်းအောင် လုပ်ကြည့်ရအောင်…။

နေ့စဉ်အလုပ်တွေလုပ်တဲ့အခါ လက်နှစ်ဖက်လုံးကို အလှည့်ကျအသုံးပြုပေးပါ

ပုံမှန်ဆိုရင် သွားတိုက်တဲ့အခါ လက်တစ်ဖက်တည်းကိုသာ အားပြုပြီးသုံးကြပါတယ်။ တစ်ခါတရံ လက်တစ်ဖက်တည်းချည်းမသုံးဘဲ အခြားလက်တစ်ဖက်နဲ့လည်း အလှည့်ကျလုပ်ပါ။ ဒါက သင့်ဦးနှောက်မှာရှိတဲ့ အာရုံကြောတွေကို အားကောင်းလာစေမှာပါ။ ဒီနည်းကို သွားတိုက်တဲ့အခါ၊ ပန်းကန်ဆေးတဲ့အခါ၊ စာရေးတဲ့အခါ၊ သန့်ရှင်းရေးလုပ်တဲ့အခါမျိုးတွေမှာ လုပ်ကြည့်လို့ရပါတယ်။ ပထမတော့ ခက်ခဲနိုင်ပေမဲ့ တဖြည်းဖြည်းနဲ့ အကျင့်ဖြစ်သွားပါလိမ့်မယ်။

စာဖတ်ရင် အသံကျယ်ကျယ်ထွက်ဖတ်ကြည့်ပါ

အသံကျယ်ကျယ်နဲ့ စာဖတ်တာက သင့်မှတ်ဉာဏ်ကို အားကောင်းလာစေနိုင်ပါတယ်။ စကားပြောတာကို ကိုယ်တိုင်ကြားရတာက သတင်းအချက်အလက်တွေကိုမှတ်နိုင်ဖို့ ဦးနှောက်ကို အကူအညီဖြစ်စေပါတယ်။

အစားစားတဲ့အခါ တူကို အသုံးပြုပါ

သင့်လက်ချောင်းထိပ်တွေမှာ အာရုံစူးစိုက်ထားတာက သင့်ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ တူကိုင်တာလို လက်ချောင်းတွေနဲ့လုပ်ရတဲ့အလုပ်က သွေးလည်ပတ်မှုအားကောင်းလာစေခြင်းအားဖြင့် သင့်ဦးနှောက်ကို အကူအညီဖြစ်စေပါတယ်။ စိတ်နှစ်ပြီး အစားစားတာက အစာခြေစနစ်အားကောင်းအောင်ကူညီပေးသလို ကယ်လိုရီပမာဏကို ထိန်းချုပ်ပေးတဲ့နေရာမှာလည်း ကူညီပေးပါတယ်။

လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပါ

ညာဖက်လက်ကို စက္ကန့် (၉၀) လောက်ကျစ်ကျစ်ပါအောင်ဆုပ်ထားတာက မှတ်ဉာဏ်လုပ်ဆောင်မှုကို အကူအညီဖြစ်စေသလို ဘယ်ဖက်လက်ကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားမယ်ဆိုရင် ပြန်လည်အမှတ်ရအောင်လည်း ကူညီပေးနိုင်တယ်လို့ အမေရိကန်စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

ဉာဏ်စမ်းစကားလုံး၊စာတွေ စဉ်းစားကြည့်ပါ

သင် ကြိုက်တဲ့ ဘယ်စကားလုံးဖြစ်ဖြစ် မှတ်ထားလိုက်ပြီး သင့်ခေါင်းထဲမှာ မှတ်ထားတဲ့ စကားလုံးတွေရဲ့စာလုံးပေါင်းကို စိတ်ထဲကနေ မြင်ယောင်ကြည့်ပါ။ အဲဒီလိုလုပ်ပြီးသွားရင် ရှေ့ဆုံးနဲ့နောက်ဆုံးစာလုံးတူ အခြားစကားလုံးကို စဉ်းစားကြည့်ပါ။ ဒီလိုဉာဏ်စမ်းအမျိုးအစားတွေက သင့်မှတ်ဉာဏ်အားကောင်းအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

Ref: Brightside “Brain Exercises That Keep Your Memory Sharp”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top