ကိုရိုနာဗိုင်းရပ်စ် Lockdown ကြောင့် ရွှေပြားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၀ နှစ်သား ညီအစ်ကို နှစ်ယောက်

22-5-2020-yyl-047.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြင်သစ်နိုင်ငံတစ်ဝန်း Lockdown (ပိတ်ဆို့မှု) ချလိုက်ချိန်မှာ ပဲရစ်မြို့ကို စွန့်ခွာပြီး ဗန်ဒိုမာမြို့ထံ ပြောင်းရွှေ့ခဲ့တဲ့ မိသားစုဟာ ယူရို ၁ သိန်းနီးပါး တန်ကြေးရှိတဲ့ ရွှေပြားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် ၁၀ နှစ်သားအရွယ်ရှိတဲ့ ညီအစ်ကိုနှစ်ယောက်က ဗန်ဒိုမာမြို့နေအိမ်ကို ရောက်ချိန်မှာ သစ်ကိုင်းခြောက်တွေ၊ သစ်ရွက်တွေ၊ အိပ်ရာခင်းတွေ အသုံးပြုပြီး တဲလေးတစ်လုံး ဆောက်ချင်တယ်လို့ သူ့အဖေကို ခွင့်တောင်းခဲ့ပါတယ်။ သူ့အဘွား အသက်ရှင်ချိန်တုန်းက အသုံးပြုခဲ့တဲ့ အိပ်ရာခင်းတွေကို အခန်းလွတ်တစ်ခန်းထဲကနေ သွားယူဖို့ သူ့အဖေက ပြောခဲ့ပါတယ်။

အခန်းလွတ်ထဲကနေ အိပ်ရာခင်းတွေ သွားယူချိန်မှာ အတော်အသင့် လေးတဲ့အရာဝတ္တုနှစ်ခု ပြုတ်ကျလာခဲ့ပေမဲ့ ညီအစ်ကိုနှစ်ယောက်က သေချာမကြည့်ဘဲ အပေါ်ကို ပြန်တင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် သူ့အဖေကို ဒီအကြောင်း ပြောပြခဲ့ပြီး သူ့အဖေက အဲဒီပစ္စည်းတွေကို သွားယူခိုင်းခဲ့ပါတယ်။ အစောပိုင်းမှာ သူ့အမေရဲ့ ဓားထည့်တဲ့စင် ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ ဓာတ်ပုံရိုက်ပြီး ဒေသခံလေလံကုမ္ပဏီထံ ဆက်သွယ်ကြည့်ချိန်မှာ ရွှေပြားတွေ ဖြစ်နေမှန်း သိရှိခဲ့တာပါ။ ရွှေပြားတစ်ခုကိုတော့ ဒီလထဲမှာ လေလံတင်ရောင်းချမှာပါ။ ရွှေပြားတစ်ပြားကို အလေးချိန် ၂.၂ ပေါင်ရှိပြီး ခန့်မှန်းခြေအရ ယူရို ၄၀၀၀၀ တန်ကြေးရှိပါတယ်။ အဲဒီရွှေပြားတွေကို ၁၉၆၇ ခုနှစ်မှာ ကလေးငယ်တွေရဲ့ အဘွားက ဝယ်ယူခဲ့တာပါ။ ဝယ်ယူထားတဲ့ ဘောက်ချာတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top