ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်လာနိုင်တဲ့ ဆေးနှစ်မျိုးကို စတင်စမ်းသပ်

2-4-2020-yyl-050.jpg

သြစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြစ်လာနိုင်တဲ့ ဆေးဝါးနှစ်မျိုးကို စတင်စမ်းသပ်ခဲ့ပါတယ်။ အဲဒီကာကွယ်ဆေးတွေကို အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံအခြေစိုက် Inovio Pharmaceutical ကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီး တိရစ္ဆာန်တွေကို စမ်းသပ်မှုလုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ခွင့်ပြုပေးထားပါတယ်။

Sars-CoV-2 ဗိုင်းရပ်စ်က COVID-19 ရောဂါဖြစ်ပွားစေတာပါ။ သြစတြေးလျနိုင်ငံ ဓနသဟာယသိပ္ပံပညာနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်း(CSIRO)က စမ်းသပ်နေတဲ့ ကာကွယ်ဆေးနှစ်မျိုးကတော့ ကာကွယ်ဆေးဆိုင်ရာ သုတေသနအများစုကို ကြီးကြပ်ကွပ်ကဲနေတဲ့ Coalition for Epidemic Preparedness Innovations အဖွဲ့က ရွေးချယ်ပေးထားတဲ့ ဆေးတွေပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း CSIRO အဖွဲ့က ကာကွယ်ဆေးနမူနာတွေကို မြွေပါကတိုးကောင်တွေမှာ ထိုးနှံစမ်းသပ်ခဲ့ပါတယ်။ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်တဲ့ မြွေပါကတိုးကောင်တွေရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကလည်း လူသားတွေလိုပါပဲ။

အောက်စဖို့ဒ်တက္ကသိုလ်က ဖန်တီးခဲ့တဲ့ ကာကွယ်ဆေးတစ်မျိုးကတော့ (Vector Vaccine)ဖြစ်ပါတယ်။ Vector Vaccine ဆိုတာ ခုခံအား နှိုးဆွစေနိုင်မယ့် မျိုးဗီဇကို မွေးရလွယ်တဲ့ ဗိုင်းရပ်စ်ထဲ ပြောင်းထည့်ပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ချွတ်ယွင်းချက်ရှိတဲ့ ဗိုင်းရပ်စ်ကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းတွေကို ကိုယ်ခံအားစနစ်နဲ့ ထိတွေ့စေတဲ့ ပုံစံဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်တွေ ပုံတူပွားစေနိုင်စွမ်းမရှိတဲ့အတွက် ကာကွယ်ဆေးထိုးသွင်းရာကနေ အဖျားဝေဒနာ ခံစားရတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။

နောက်ထပ်ကာကွယ်ဆေးတစ်မျိုးကတော့ Inovio ကုမ္ပဏီကနေ ထုတ်လုပ်တာပါ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းတချို့ကို မျိုးဗီဇကုဒ်ဖြည်ပြီး ကိုယ်ခံအားစနစ်ဆီ ပေးပို့မှာပါ။ လူ့ခန္ဓာကိုယ်ဆဲလ်တွေက အဲဒီပရိုတိန်းဓာတ်တွေ ထုတ်လုပ်ပေးတဲ့အခါ ကိုယ်ခံအားစနစ်က တုံ့ပြန်လာမှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေး ၂ မျိုးကို တိရစ္ဆာန်တွေမှာ စမ်းသပ်တာ ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာတော့ အစောဆုံး ဇွန်လကျမှ သိရမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီစမ်းသပ်မှု အောင်မြင်ခဲ့ရင်တော့ ကာကွယ်ဆေးတွေကို ဓာတ်ခွဲခန်းစမ်းသပ်မှုအဆင့် တိုးမြှင့်လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒီဆေးဝါးတွေက ထိရောက်မှု ရှိ၊ မရှိ၊ လူသားတွေ ဘေးအန ္တရာယ်ကင်းကင်း သုံးနိုင်ခြင်း ရှိ၊ မရှိ ဆိုတာ သိရဖို့ သြစတြေးလျအမျိုးသားသိပ္ပံအေဂျင်စီက ချင့်ချိန်သုံးသပ်နေပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ကာကွယ်ဆေးဖော်စပ်ဖို့ ကြိုးပမ်းမှုတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေကြပြီး COVID-19 ရောဂါ ကာကွယ်နိုင်ဖို့ ရည်ရွယ်ဖော်စပ်နေတဲ့ ကာကွယ်ဆေး ၂၀ ရှိပါတယ်။ ပုံမှန်အားဖြင့် ကာကွယ်ဆေးတစ်မျိုးကို အခုလိုအဆင့်အထိ စမ်းသပ်မှုလုပ်နိုင်ဖို့ အချိန်တစ်နှစ်ကနေ နှစ်နှစ်အထိ ကြာမြင့်လေ့ရှိပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကြောင့် အခုလိုအချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ခဲ့တာလို့ CSIRO ရဲ့ ဒေါက်တာဂရင်းဖဲလ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top