ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ ကမ္ဘာ့အလှဆုံးမံမီ

8-8-2022-yyl09.jpg

ကမ္ဘာ့အလှဆုံးမံမီ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဝန်းကျင်လောက်က အသက် (၂) နှစ်အရွယ် ကလေးမလေးတစ်ဦးရဲ့ရုပ်အလောင်းကို တာရှည်ခံစေဖို့ မံမီအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သူကတော့ ရိုဆာလီယာ လွန်ဘာဒိုဆိုတဲ့ ကလေးမလေးပါ။ ကလေးမလေးရဲ့မံမီရုပ်အလောင်းက အီတလီပြတိုက် the Capuchin Catacombs မှာ ရှိနေပါတယ်။ အခုအထိ မပျက်စီးသေးဘဲ နဂိုအတိုင်း ရှိနေပြီး အသက်ဝင်တာကြောင့် ရိုဆာလီယာကို ကမ္ဘာ့အလှဆုံးမံမီအဖြစ် သတ်မှတ်ထားပါတယ်။ သူ့ကိုခရီးသွားဧည့်သည်တွေ နှစ်တိုင်းလာရောက်ကြည့်ရှုဖို့ ဆွဲဆောင်ထားနိုင်ပါတယ်။

ရိုဆာလီယာနဲ့ပတ်သက်တဲ့ ကောလဟာလတွေကလည်း မရိုးနိုင်ပါဘူး။ မှန်ခေါင်းတလားထဲက ရိုဆာလီယာဟာ ခရီးသွားတချို့ကို မျက်တောင်ခတ်ပြတယ်လို့လည်း တချို့ကပြောကြပါတယ်။ ဒါပေမဲ့ ဒါဟာ ရိုဆာလီယာအပေါ်ကျလာတဲ့ အလင်းရောင်ရဲ့လှည့်စားမှုကြောင့်ဖြစ်တယ်လို့ ပြတိုက်မှူးက အမှန်ကို ဖွင့်ချပြခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို မံမီအဖြစ် ကောင်းကောင်းစီမံထိန်းသိမ်းထားတဲ့အတွက် သူ့ရဲ့ရွှေအိုရောင်ဆံပင်နဲ့ ပြောင်တင်းနေတဲ့ အသားရေက အခုထိ ဒီအတိုင်းပါပဲ။ အဲဒါကြောင့်ပဲ ရိုဆာလီယာက အသက်ဝင်နေသလိုထင်ရတာပါ။

၂ နှစ် သမီးလေး ရိုဆာလီယာ လွန်ဘာဒိုရဲ့ မံမီရုပ်အလောင်း

သေချာထိန်းသိမ်းထားပြီး အသက်ဝင်လွန်းနေတဲ့အတွက် ရုပ်အလောင်းက အတုဆိုပြီး ထင်ကြေးပေးမှုတွေကြောင့် ရိုဆာလီယာရဲ့မံမီရုပ်အလောင်းကို စမ်းသပ်စစ်ဆေးမှုနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ခဲ့ကြပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါမှာ သူ့ရဲ့အင်္ဂါအစိတ်အပိုင်းတွေက နဂိုအတိုင်းရှိနေဆဲဖြစ်ပြီး သူ့ရဲ့ဦးနှောက်က မူလအရွယ်အစားထက် ၅၀ ရာခိုင်နှုန်းလောက်ပဲ ကျုံ့သွားတာတွေ့ရှိခဲ့ရပါတယ်။

သူ့ကို အုပ်ထားတဲ့ ခြုံစောင်ကို ဘယ်တော့မှ မဖယ်ရှားခဲ့ပေမဲ့ ဓာတ်မှန်ရိုက်ကြည့်တော့ သူ့ခြေထောက်နဲ့ လက်တွေက နဂိုအတိုင်းရှိနေတာကို တွေ့ရပါတယ်။ ရိုဆာလီယာရဲ့သေဆုံးရခြင်းအကြောင်းကို မသိရပေမဲ့ ဝမ်းနည်းပူဆွေးနေတဲ့ ဖခင်ဖြစ်သူက သူ့ကို လက်မလွှတ်ချင်တာကြောင့် ရုပ်အလောင်းကို တာရှည်ခံအောင် မံမီအဖြစ် စီရင်ခဲ့တာဖြစ်တယ်လို့ မြို့တွင်းဒဏ္ဍာရီက ဆိုပါတယ်။

ချမ်းသာကြွယ်ဝပြီးဆွေကြီးမျိုးကြီးမှ ပေါက်ဖွားတဲ့ အီတလီလူမျိုး မာရီယို လွန်ဘာဒိုရဲ့သမီးဖြစ်တယ်လို့ ခန့်မှန်းပြောဆိုတာကနေ အဲဒီကလေးမလေးရဲ့နာမည်က ရိုဆာလီယာ လွန်ဘာဒိုဖြစ်လာခဲ့တာပါ။ The Capuchin Catacombs ပြတိုက်မှာ ကလေးအလောင်း (၁၆၃) ဦးအပါအဝင် ရုပ်အလောင်း ၈၀၀၀ ကျော်ရှိပါတယ်။

Ref: TheMirror “Two-year-old girl is ‘world’s most beautiful mummy’ said to BLINK in her coffin”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top