ပင်လယ်ထဲမှာ ၄၉ ရက်ကြာ မျောနေခဲ့ပေမယ့် အသက်ရှင်ခဲ့တဲ့ ၁၉ နှစ်အရွယ် လူငယ်လေး

42570330_2126145897449371_5615265961054568448_n.jpg

အင်ဒိုနီးရှားနိုင်ငံက အသက် ၁၉ နှစ်အရွယ် အယ်ဒီ နိုဗယ် အဒီလန်း (Aldi Novel Adilang) ဆိုတဲ့ ကောင်လေးဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ၄၉ ရက် (၇ ပတ်) လောက်ကြာအောင် မျောနေပေမဲ့ ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့ပါတယ်။

သူစီးလာတဲ့ တဲနဲ့ဝါးဖောင်လေးပေါ်က ကြိုးတွေကို ပြင်းထန်တဲ့ လေကြမ်းတွေက ပြတ်တောက်စေခဲ့လို့ အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီ ကမ်းခြေရဲ့ မြောက်ဘက် ၁၆၇၆ မိုင် (၂၆၉၈ ကီလိုမီတာ) လောက်အထိ မျောပါသွားခဲ့တာပါ။ သူ့ကို အနောက် ပစိဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းနားမှာ ပနားမားအလံနဲ့ သင်္ဘောတစ်စီးက ကယ်ဆယ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အယ်ဒီဟာ ရေသောက်ဖို့အတွက် သူ့အင်္ကျီမှာ စိုနေတဲ့ရေကို စုပ်ယူ သောက်သုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ သူ့ရဲ့ အဆိုးရွားဆုံး အချိန်တွေကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ သူ့ကို ဩဂုတ်လကုန်ပိုင်းက ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပြီး အဲဒီနောက် အနီးဆုံးဖြစ်တဲ့ ဂျပန်ကိုခေါ်သွားပေးခဲ့ပြီး ဂျပန်နိုင်ငံ အိုဆာကာမြို့က အင်ဒိုနီးရှား ကောင်စစ်ဝန်ရုံးကနေ တစ်ဆင့် စက်တင်ဘာ ၈ ရက်နေ့မှာတော့ သူ့ရဲ့ မိသားစုတွေဆီ ပြန်လည်ရောက်ရှိနိုင်ခဲ့ပါတယ်။

သင်္ဘောကြီး ၁၀ စီးအထိ ဖြတ်သွားပေမယ့် သူ့ကို သတိမထားမိခဲ့ပဲ ရေပြင်ထဲမှာ ကျန်နေခဲ့ချိန်မှာ တော်တော်လေး စိတ်ဓာတ်မကျအောင် ထိန်းချုပ်ပြီး ရှေ့ဆက်ခဲ့ရတယ်လို့ ပြန်ပြောခဲ့ပါတယ်။ သင်္ဘောကြီး တစ်စီးဖြတ်သွားတာ မြင်တိုင်း မျှော်လင့်ချက်တွေနဲ့ ကြိုးစားခဲ့ပေမဲ့ သူ့ကို သတိမထားမိဘဲ ကျော်သွားခဲ့တဲ့အခါ ကြောက်လန့်ခဲ့ရပြီး မကြာခဏ ငိုကြွေးမိတယ်လို့လဲ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။

စားစရာ ကုန်သွားတဲ့အခါ ငါးတွေကို ဖမ်းပြီးစားခဲ့ရသလို ပင်လယ်ရေကိုပဲ ကြိတ်မှိတ်သောက်ခဲ့ရတာဖြစ်ပြီး မီးမွှေးဖို့ ဂက်စ်ကုန်သွားတဲ့အခါမှာလဲ တဲက သစ်သား အကာအရံတွေကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ သူ့ရဲ့ အင်္ကျီကို ဝှေ့ယမ်း အချက်ပြတာကို သင်္ဘောတစ်စီးရဲ့ ကပ္ပတိန်က တွေ့ရှိသွားခဲ့တာကြောင့် အခုလို အသက်ရှင်ခွင့် ကြုံခဲ့ရတာ ဖြစ်ပါတယ်။

Ref: The Telegraph & Daily Mail “Indonesian teenager survives for 49 days adrift at sea in a flimsy hut”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply