ထိုင်ခုံခါးပတ်သာ ပတ်ထားခဲ့ရင် အခုအချိန်ထိ အသက်ရှင်နေဦးမှာဖြစ်တဲ့ မင်းသမီး ဒိုင်ယာနာ

42388892_1176219935863084_5483860139553325056_n.jpg

မင်းသမီး ဒိုင်ယာနာရဲ့ သေဆုံးမှုကို စစ်ဆေးပေးခဲ့တဲ့ ရောဂါရှာဖွေရေးပညာရှင်က ဒိုင်ယာနာတစ်ယောက် ထိုင်ခုံခါးပတ်သာ ပတ်ထားခဲ့ရင် ဒီလိုမျိုးထိ ဖြစ်ခဲ့စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။ ကြမ္မာဆိုးငင်ခဲ့တဲ့ ညကနေ လွတ်မြောက်ပြီးသာ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင် သားနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို မြင်တွေ့ခွင့်ရဦးမှာလို့ ဒေါက်တာ ရစ်ချတ်ရှပ်ဟာ့ဒ်က ဆိုပါတယ်။

မင်းသမီး ဒိုင်ယာနာက ၁၉၉၇ ဩဂုတ်လ ၃၁ ရက်နေ့မှာ ပဲရစ်မြို့ ၊ Pont de l’Alma ဥမင်လိုဏ်ခေါင်းထဲမှာ ကားတိုက်မှုဖြစ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကားထဲမှာတော့ ဒရိုင်ဘာ ဟင်နရီပေါလ်၊ ကိုယ်ရံတော် ထရီဗာ၊ ချစ်သူ ဒိုဒီဖေးဒ် နဲ့ ဒိုင်ယာနာတို့ ၄ ယောက် လိုက်ပါလာပြီး နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာတဲ့ သတင်းထောက်ကားကို လွတ်အောင်မောင်းရင်းနဲ့ အရှိန်မထိန်းနိုင်ဘဲ အုတ်တိုင်တွေကို ဝင်တိုက်ရင်း ကားမှောက်ခဲ့တာ ဖြစ်ပါတယ်။

ချစ်သူ ဒိုဒီနဲ့ ဒရိုင်ဘာ ဟင်နရီပေါလ်တို့က ပွဲချင်းပြီး သေဆုံးခဲ့ပေမဲ့ ကိုယ်ရံတော် ထရီဗာကတော့ အသက်ရှင်ခဲ့ပါတယ်။ မင်းသမီး ဒိုင်ယာနာကတော့ ပါရီမြို့ဆေးရုံရောက်ပြီးတော့မှ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကားမောင်းတဲ့ နှုန်းက အရှိန်များခဲ့သလို ဒရိုင်ဘာက အမူးလွန်ပြီး မောင်းခဲ့တယ်လို့ ထွက်ဆိုထားခဲ့ပေမဲ့ ဒေါက်တာရစ်ချတ်ကတော့ ခုလို ပြောကြားခဲ့ပါတယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် သေခဲ့ပြီဆိုပေမဲ့ ထိုင်ခုံခါးပတ် ပတ်ထားမယ် ဆိုရင်တော့ဖြင့် အခုချိန်လောက်ဆို သားနှစ်ယောက် လက်ထပ်တာကို မြင်ခွင့် ရချင်ရသွားဦးမှာပါ။ မျက်လုံး ညိုမည်းဖူးရောင်ပြီး လက်ကျိုးတာလောက်နဲ့ ပြီးသွားရမှာပေမဲ့ ကားအရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်မိတဲ့နှုန်းကြောင့် သေဆုံးခဲ့ရတာပါ” လို့ ဆိုပါတယ်။

ဒေါက်တာရစ်ချတ်က သူ့ရဲ့ အလုပ်သက်တမ်းတစ်လျှောက်မှာ ဒိုင်ယာနာအပါအဝင် လူပေါင်း ၂၃,၀၀၀ ရဲ့ အလောင်းတွေကို ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ရသူ ဖြစ်ပါတယ်။ ဒိုင်ယာနာ သေဆုံးရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး သူ့ခေါင်းထဲမှာ မေးခွန်းတွေများစွာ ရှိပေမဲ့ အသေးစိပ်အကြောင်းကိုတော့ ဒေါက်တာရစ်ချတ်က ဖွင့်ဟပြောကြားခြင်း မပြုခဲ့ပါဘူး။

“လူတွေကတော့ သူလှလား၊ သူ့ရုပ်အဆင်းက အေးချမ်းမှုရှိလား၊ ကိုယ်ဝန်လွယ်ထားရလား ဆိုပြီး မေးခွန်းတွေထုတ်နေပေမဲ့ ဒီလိုမျိုး ပြည်သူတွေ စိတ်ဝင်စားနေတဲ့ အတင်းအဖျင်းထဲမှာ ကျွန်တော် ဝင်ပတ်သက်မှာ မဟုတ်ဘူး” လို့လည်း ဒေါက်တာက ဆိုပါတယ်။

တကယ်လို့ ဒိုင်ယာနာသာ ထိုင်ခုံခါးပတ် ပတ်ထားပြီး ကားကလည်း ပုံမှန်အရှိန်နဲ့ မောင်းခဲ့မယ်ဆိုရင် အသက်သေဖွယ်ရာ အကြောင်းရှိခဲ့မှာ မဟုတ်ဘူးဆိုတာကတော့ အခိုင်မာဆုံး အချက်ဖြစ်ခဲ့ပါတယ်။

Ref: TheSun “Princess Diana ‘would have been at Prince Harry’s wedding if she had been wearing a seatbelt’, pathologist claims”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top