ကင်ဆာရောဂါကြောင့် သေဆုံးသွားပြီဖြစ်တဲ့ ကုထုံးခွေးလေး

23.2.2023-image-6.jpg

နှစ်တော်တော်ကြာ ဘော့စတွန်မာရသွန်ပြိုင်ပွဲမှာ အပြေးသမားတွေကို အားပေးနှစ်သိမ့်ပေးခဲ့တဲ့ ကုထုံးခွေးလေး စပန်ဆာဟာ ဒုတိယအကြိမ်မြောက် ကင်ဆာရောဂါဖြစ်ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့သခင်ဖြစ်သူ ရစ်ချက် ပါဝါစ်က အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ် ဂိုးလ်ဒင်း ရီထရီဗာခွေးအမျိုးအစား စပန်ဆာလေးက Pets and People Foundation ကနေ လေ့ကျင့်သင်ကြားပေးထားတဲ့ ကုထုံးခွေးလေးဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက အပြေးပြိုင်ပွဲစတင်တဲ့နေရာအနီးအနားမှာ အပြာရောင် ‘Boston Strong” အလံကို ပါးစပ်နဲ့ ကိုက်ပြီး အပြေးသမားတွေကို အားပေးခဲ့တာကြောင့် အပြေးသမားတွေနဲ့ အွန်လိုင်းပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

အပြေးသမားတွေက အလံသယ်ထားတဲ့ စပန်ဆာကို မြင်ရတာသဘောကျကြပါတယ်။ စပန်ဆာက နေပူပူ၊ မိုးရွာရွာ မာရသွန်အပြေးပြိုင်ပွဲမှာ ရှိနေတတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စပန်ဆာဟာ ၁၂၆ ကြိမ်မြောက် ဘော့စတွန်မာရသွန်ပြိုင်ပွဲရဲ့ တရားဝင်ခွေးလေးအဖြစ် အမည်​ပေးခံခဲ့ရပါတယ်။ ကပ်ရောဂါအတွင်းမှာ စပန်ဆာက ပထမဆုံးအကြိမ်အဖြစ် ကင်ဆာရောဂါဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ်မှာ ၃ ပေါင်ခွဲလောက်ရှိတဲ့ ကင်ဆာအကျိတ်ကို ထုတ်ပစ်ခဲ့ပြီး အသက်အန္တရာယ်ကလွတ်မြောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စပန်ဆာက မာရသွန်ပြိုင်ပွဲကို ပြန်လာခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်းမှာ စပန်ဆာဟာ အခြားခွေးလေးပန်နီနဲ့အတူ သူ့သခင်ရဲ့ “pupdate” ပြက္ခဒိန်ရဲ့ကြယ်ပွင့်ဖြစ်လာခဲ့တယ်။ ပြက္ခဒိန်ရောင်းချလို့ရတဲ့ အမြတ်ငွေတချို့နဲ့ အွန်လိုင်းရန်ပုံငွေတွေကို ခွေးကင်ဆာသုတေသနအတွက် ရည်ရွယ်ထားပါတယ်။ စပန်ဆာက နောက်ထပ် ကင်ဆာအကျိတ်တွေ့ရှိခဲ့ရတာပါ။ နောက်ထပ်ကင်ဆာရောဂါဖြစ်တာကစပြီး သူ့ရဲ့နောက်ဆုံးအချိန်အထိ ရစ်ချက် ပါဝါစ်တို့မိသားစုက သူနဲ့အတူရှိပေးခဲ့တာပါ။ စပန်ဆာက သူတို့မိသားစုအတွက် အရာအားလုံးပါပဲ။

စပန်ဆာကို မျှော်လင့်ချက်သင်္ကေတအဖြစ်နဲ့​ရော ဆေးရုံတွေ၊ ကျောင်းတွေ၊ ကောလိပ်​တွေ၊ လူနေမှုအဆောက်အအုံတွေဆီ သွားရောက်နှစ်သိမ့်တဲ့ ကုထုံးခွေးလေးအဖြစ်နဲ့ပါ အမှတ်ရစေချင်တယ်လို့ ရစ်ချက်က ဆိုပါတယ်။

ဆက်စပ်သတင်းဖတ်ရှုရန်

Ref: Beloved therapy dog who cheered Boston Marathon runners dies of cancer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top