လမ်းပျောက်နေတဲ့ခွေးလေးကို မာရသွန်ပြေးနေရင်း ကယ်တင်ပေးခဲ့တဲ့ အားကစားမယ်

r1-1.jpg

မာရသွန်အပြေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ပြင်ဆင်ကြရပါတယ်။ ပန်းတိုင်ရောက်ဖို့ (၂၆) မိုင်အကွာအဝေးရှိပြီး အဲဒီအတွက် အားစိုက်ကြိုးစားရပါတယ်။ မာရသွန်အပြေးပြိုင်ပွဲနဲ့ ပတ်သက်ပြီး ရိုးရာလေးပရိသတ်တွေကို ပြောပြပေးချင်တာကတော့ မာရသွန်အပြေးပြိုင်နေတုန်း လမ်းပျောက်နေတဲ့ခွေးလေးကို ကယ်တင်ခဲ့တဲ့ ဘန်ကောက်မြို့က အမျိုးသမီးအကြောင်းပါပဲ။ အချိန်ကုန် လူပင်ပန်းကြိုးစားခဲ့ရတဲ့ ပြိုင်ပွဲမှာ သူ့ရဲ့အကြင်နာတရားတွေကို ပြသခဲ့ပါတယ်။ ဒီကမ္ဘာကြီးမှာ ကြင်နာတရားအတွက် နေရာတစ်နေရာစာ အမြဲရှိတယ်ဆိုတာကို စာဖတ်ပရိသတ်တွေကို သိစေချင်ပါတယ်။ သူ့ရဲ့အကြင်နာတရားကို ဘယ်လိုပြသလိုက်လည်းဆိုတာကိုတော့ အောက်မှာ ဖတ်ရှုလိုက်ကြပါနော်…။

ဘန်ကောက်မြို့က Khemjira Klongsanan ဆိုတဲ့ အမျိုးသမီးက (၂၆)မိုင်ရှည်လျားတဲ့မာရသွန်အပြေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ အပြေးပြိုင်နေတုန်း မိခင်၊ သခင်မပါဘဲ တစ်ကောင်တည်းရှိနေတဲ့ အလွန်သေးငယ်တဲ့အမွေးပွခွေးလေးကို ရုတ်တရက် သတိပြုမိလိုက်ပါတယ်။ Khemjiraက ခွေးလေးကို အန္တရာယ်များတဲ့ပတ်ဝန်းကျင်မှာ တွေ့ခဲ့တာပါ။ သူ ခွေးလေးကို တွေ့လိုက်တဲ့အချိန်က အပြေးပြိုင်တာ (၇)မိုင်လောက်သာရှိပါသေးတယ်။ သူဟာ ခွေးလေး လမ်းပျောက်မှာဆိုးတာကြောင့် သူနဲ့အတူ ခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အတွက် ပန်းတိုင်ရောက်ဖို့ (၁၉) မိုင်ကျန်ရှိနေပါသေးတယ်။

Khemjiraက ခွေးလေး ဘေးကင်းဖို့အတွက် သူ့နားဖြတ်သွားတဲ့သူတွေဆီကိုတောင် ခွေးလေးကို မပေးခဲ့ပါဘူး။အဲဒါကြောင့်ပဲ သူဟာ ခွေးလေးနဲ့အတူ ပန်းတိုင်ရောက်အောင် တစ်ဆင့်ပြီး တစ်ဆင့်ဖြတ်ကျော်ခဲ့ပါတယ်။ ဒါက သူ့အတွက် စိန်ခေါ်မှုအကြီးစားကြီးဖြစ်ခဲ့ပြီး ရိုးရိုးမာရသွန်ပြိုင်ပွဲတွေထက် (၂) ဆလောက် ပင်ပန်းခဲ့ကြောင်း၊ ခွေးလေးက အရမ်းချစ်ဖို့ကောင်းတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို လုပ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

သူဟာ အမှားလုပ်မိမှာကို မလိုလားတာကြောင့် ခွေးပျောက်နေတဲ့သူရှိမရှိ စုံစမ်းခဲ့ပါသေးတယ်။ ခွေးလေးက ပိုင်ရှင်မရှိတဲ့အတွက် အိမ်ကို ခေါ်သွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ခွေးလေးကတော့ နေစရာအိမ်လည်းရသွားသလို အခြား ခွေးနှစ်ကောင်ရှိတဲ့ ချစ်စရာမိသားစုလည်းရှိသွားခဲ့ပါပြီ။ ခွေးလေးကို ကျန်းမာရေးစစ်ဆေးတာ၊ ကာကွယ်ဆေးထိုးတာတွေအတွက် အချိန်အများကြီးယူခဲ့ရပေမဲ့ ခွေးလေးကို ကယ်တင်ရတဲ့အတွက်၊ မိသားစုမှာခွေးလေးရှိတဲ့အတွက် Khemjiraက ဝမ်းသာကြောင်းဆိုထားပါတယ်။

စာဖတ်ပရိသတ်တွေကော အဲဒီလိုမျိုး ကယ်တင်ခဲ့ဖူးသလား။ ကယ်တင်ခဲ့ဖူးရင် ပြောခဲ့ပေးဦးနော်…။

Ref: Brightside: “A Woman Rescues a Lost Puppy During 26 Miles Marathon, and It Turned Their Lives Around”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top