အခမဲ့အစီအစဉ်တွေပါဝင်တဲ့ အာယုကျန်းမာရေးပွဲတော် စတင်ကျင်းပ

yyl-4-9-020.jpg

ထိုင်းနိုင်ငံအခြေစိုက် MEDEZE Stem Cell နဲ့ ARYU International Hospital တို့ ပူးပေါင်းကျင်းပတဲ့ အာယုကျန်းမာရေးပွဲတော်ကြီးကို အောက်တိုဘာ ၄ ရက်နေ့ကနေစတင်ပြီး တာမွေမြို့နယ်မှာရှိတဲ့ အဲဒီဆေးရုံမှာ ပထမအကြိမ်အဖြစ် စတင်ကျင်းပလျက်ရှိပါတယ်။ အဲဒီပွဲတော်ကြီးမှာ အခြေခံကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေဖြစ်တဲ့ သွေးပေါင်ချိန်တိုင်းတာတာတွေ၊ ဆီးချိုစစ်ဆေးပေးတာတွေ၊ Uric အက်ဆစ် စစ်ဆေးပေးတာတွေ၊ အရိုးသိပ်သည်းဆ တိုင်းတာပေးတာတွေ၊ ခန္ဓာကိုယ်အချိုးအစားနဲ့ အဆီပမာဏ စစ်ဆေးပေးတာတွေကို အခမဲ့ ဝန်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

”ရောဂါကို ကြိုတင်သိရှိနိုင်ဖို့၊ ရောဂါကြိုတင်ကာကွယ်တားဆီဖို့ဆိုရင် စောလျင်စွာ ရှာဖွေစစ်ဆေးဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် လွယ်လွယ်ကူကူ စစ်ဆေးနိုင်ဖို့ ဒီပွဲတော်ကို ဖန်တီးပေးရခြင်းဖြစ်ပါတယ်”လို့ အာယု အင်တာနေရှင်နယ်ဆေးရုံရဲ့ ဆေးရုံအုပ် ဒေါက်တာသန်းထွဋ်ဦးက ပြောပါတယ်။ဒီပွဲတော်မှာ အာယုအင်တာနေရှင်နယ်ဆေးရုံက အချိန်ပြည့်ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့အပြင် ပွဲတော်လာရောက်သူတွေအတွက် အခမဲ့ ကျန်းမာရေး စစ်ဆေးခွင့်လက်မှတ်တွေကိုလည်း မဲနှိုက်ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပွဲတော်ရက်အတွင်းမှာ ဆေးရုံရဲ့ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များဖြစ်တဲ့ အသက် ၄၁ နှစ်မှ ၅၀ နှစ် အတွက် Advanced Package ၊ အသက် ၅၀ နှစ်အထက် Comprehensive Package ၊ အသက် ၅၅ နှစ်အထက် Elite Package တွေကို အထူးလျှော့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။”အရည်သွေးပြည့်မီတဲ့ စစ်ဆေးမှု၊ မှန်ကန်တိကျတဲ့ စစ်ဆေးမှုတွေကို နိုင်ငံခြားသွားပြီး ဆေးစစ်စရာ မလိုဘဲ မြန်မာနိုင်ငံမှာပဲ စစ်လို့ရတယ်ဆိုတာကို သိစေချင်တယ်။ အာယုဆေးရုံမှမဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ စစ်လို့ရသွားပြီဆိုတာမျိုးကိုလည်း အသိပေးချင်တာပါ”လို့ ဒေါက်တာသန်းထွဋ်ဦးက ပြောပါတယ်။

အာယုကျန်းမာရေးပွဲတော်ကြီးကို အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှာ အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်အထိ၊ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။အာယုအင်တာနေရှင်နယ်ဆေးရုံဟာ မြန်မာနိုင်ငံက ဂမုန်းပွင့်ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံက ထွန်ဘူရီ ကျန်းမာရေးစောင့်ရှောက်မှုအုပ်စုတို့ အကျိုးတူ ပူးပေါင်းတည်ထောင်ထားတဲ့ဆေးရုံဖြစ်ပြီးတော့ အထပ်(၁၃)ထပ်၊ အခန်း(၁၄၂)ခန်းရှိတဲ့ ကုတင်(၂၀၀)ဆံ့ နိုင်ငံတကာအဆင့်မီ ဆေးရုံတစ်ရုံဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top