အမှိုက်ပုံးထဲက ဗုံးကို ကလေးငယ်က သံတိုသံစထင်ပြီး ကောက်ယူမိရာမှာ ဗုံးကွဲလို့ လူ ၉ ယောက် သေဆုံး

yyl-014-3.jpg

နိုင်ဂျီးရီးယား-ကင်မရွန်းနယ်စပ်ရှိ အမှိုက်ပုံးထဲကနေ ကလေးငယ်တစ်ယောက် ကောက်ယူလာတဲ့ ဗုံး ပေါက်ကွဲခဲ့လို့ ကလေးငယ်အပါအဝင် လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားနယ်စပ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကင်မရွန်းအရာရှိတစ်ယောက်က ပြောပါတယ်။ အသက် ၁၀ နှစ်မပြည့်သေးဖွယ်ရှိတဲ့ ကလေးငယ်ဟာ ဗုံးကို ရောင်းစားလို့ရတဲ့ သံထည်ပစ္စည်းအဟောင်းတစ်ခုလို့ အထင်မှားပြီး ကောက်ယူခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ ကမ်ဘိုရိုမြို့နဲ့ ကင်မရွန်းနိုင်ငံ ဖိုတိုကိုမြို့ကို ဆက်သွယ်ထားတဲ့ လူစည်ကားတဲ့ တံတားပေါ်မှာ ပြီးခဲ့တဲ့တနင်္လာနေ့နှောင်းပိုင်းက ဗုံးပေါက်ကွဲခဲ့တာလို့ ကင်မရွန်းနိုင်ငံ မြောက်ဖျားဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာကာရီက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့သူအားလုံးကတော့ နိုင်ဂျီးရီးယားနိုင်ငံသားတွေပါ။

နိုင်ဂျီးရီးယားနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေဟာ အမှိုက်ပုံးတွေထဲကနေ သံထည်ပစ္စည်းအဟောင်းတွေ ရှာဖွေပြီး အဟောင်းဆိုင်တွေမှာ ပြန်ရောင်းချလေ့ရှိပါတယ်။ အမှိုက်ပုံးထဲမှာ ဗုံးဘယ်သူ ထည့်သွားလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဗုံးပေါက်ကွဲတဲ့နေရာဟာ အစ္စလာမ်လက်နက်ကိုင်တွေ ဆူပူအုံကြွနေတဲ့ ဒေသဖြစ်ပါတယ်။ အဲဒီဒေသမှာ ဘိုကိုဟာရမ်အဖွဲ့နဲ့ သူတို့ရဲ့အဖွဲ့ခွဲဖြစ်တဲ့ Islamic State West Africa Province တွေ လှုပ်ရှားလျက်ရှိပါတယ်။ လက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ ဒေသတွင်းတပ်ဖွဲ့မှာ နိုင်ဂျီးရီးယားနဲ့ ကင်မရွန်းစစ်သည်တွေ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက စတင်ခဲ့တဲ့ ဘိုကိုဟာရမ်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသောင်းချီ သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းကျော် ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top