UDP ဥက္ကဌ ဦးကျော်မြင့်အား ရဲဝရမ်းဖြင့် ဖမ်းဆီးကြောင်း ဦးဇော်ဌေး အတည်ပြု

30-9-2020-yyl-008.jpg

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ဥက္ကဌ ဦးကျော်မြင့်ကို စက်တင်ဘာလ (၂၉)ရက်နေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ မှန်ကန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အိမ်တော်သတင်းထောက်များဂရုမှာ အတည်ပြုပြောကြားပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ညက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၂၄)အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တာကြောင့် ရဲဝရမ်းနဲ့ ဖမ်းဆီးလိုက်တာဖြစ်‌ကြောင်း ဦးဇော်ဌေးက ပြောကြားထားပါတယ်။

“Confirmed ဖြစ်ပါတယ်။ မနေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာပုဒ်မ (၂၂၄)အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောကြားထားတာပါ။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ ” မည်သူမဆို၊ မိမိအား စွဲဆိုသော ပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှားစီရင်သော ပြစ်မှုအတွက်ဖြစ်စေ၊ ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင်၊ သို့တည်းမဟုတ် ဥပဒေနှင့်ဆန့်ကျင်၍ ဟန့်တားလျှင်၊ သို့တည်းမဟုတ် ထိုပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန် အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”လို့ ပြဌာန်းထားပါရှိပါတယ်။

လက်ရှိမှာတော့ ရဲလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်‌နေပြီး စိစစ်ဆဲ ဖော်ထုတ်ဆဲ ဖြစ်တာကြောင့် မပြီးပြတ်သေးဘူးလို့ ဦးဇော်ဌေး ပြောပါတယ်။ “ကျန်တာတွေက စိစစ်ဆဲ၊ဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ရဲလုပ်ငန်းတွေ မပြီးပြတ်သေးပါဘူး။ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းသာ ဖြေကြားလိုပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားထားပါတယ်။

ဦးကျော်မြင့် ထူထောင်လုပ်ကိုင်ခဲ့တဲ့ မြန်မာကျုံယွမ်း ကုမ္ပဏီကို ၁၉၉၇ ခုနှစ်မှာ အမည်ပျက်စာရင်းထည့်သွင်းခံရပြီး၊ ငွေကြေး အရှုပ်အရှင်းတွေရ‌ှိတာကြောင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး တစ်နှစ်ခန့်အကြာမှာ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသူဖြစ်တယ်လို့ သိရပါတယ်။

UDP ပါတီဟာ နှင်းဆီပါတီလို့ လူသိများတဲ့ပါတီတစ်ခုဖြစ်ပြီး၂၀၂၀ ရွေးကောက်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံး စာရင်းပေးထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။

ရဲကိုဦး ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top