ကလောင်ရှင် မင်းထက်မြိုင်ရဲ့ “သင်ဦးချ၍ အမျှဝေရာ” အမည်ရ စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယ ဆုရဝတ္တုတို ရသစာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခုတစ်ပတ် ဖော်ပြပေးလိုက်တာက ဝတ္တုရဲ့အပိုင်း (၅) ဖြစ်ပြီး နောက်ထပ် အပိုင်းတွေကို ဖော်ပြဦးမယ့်အပြင် အပိုင်းအားလုံးကို စုစည်းပြီး ပြန်လည်ဖော်ပြပေးသွာဦးမှာဖြစ်ကြောင်းလည်း အသိပေးလိုက်ပါရစေ။ ဖတ်ရှုခံစားကြည့်လိုက်ပါဦး…။
သင်ဦးချ၍ အမျှဝေရာ (အပိုင်း ၅)
ယနေ့သည် သတင်းကျွတ် လပြည့်နေ့ဖြစ်၏။ ကျွန်တော်တို့၏ ရောင်စုံပန်းချီကားလေးကလည်း လပြည့်နေ့ကို ကြိုဆိုလျက်ရှိ၏။ ထိုပန်းချီကားတွင် အဖြူရောင်များဖြင့် သပ္ပာယ်လှသည့် စေတီလေးတစ်ဆူကို အဝါနုရောင် အုတ်တံတိုင်းများက ဝန်းရံထားသည်။ မုခ်ဦးနှစ်ဖက်ကို ကာလာရောင်စုံ၊ ကနုတ်ပန်းမျိုးစုံဖြင့် မွမ်းမံခြယ်သထားသည်။ မုခ်ဦးနှစ်ဖက်ရှေ့တွင် မျဉ်းဖြောင့်များကို အသုံးပြုထားသည့် လမ်းနှစ်ခု။ စေတီနှင့်အုတ်တံတိုင်းကြားရှိ အဝါရောင်များက ရင်ပြင်တော်တွင်ခင်းထားသော ရေစိုနေသည့်သဲများ။ ထိုရင်ပြင်တော်ပေါ်တွင် ဘုရားရှိခိုးရန်အတွက် ပြုလုပ်ထားသော သစ်သားခုံ အပြားလေးများနှင့် စေတီပရဝုဏ်၏အရှေ့မြောက်ထောင့်ရှိ ၈ ပေပတ်လည် ဇရပ်လေးတစ်ခုမှာ အညိုရောင်များဖြင့်။ စေတီပရဝုဏ်၏ အရှေ့တောင်ထောင့်တွင် အစိမ်းရောင်ကို ဦးစားပေး အသုံးပြုထားသော အပင်နှစ်ပင်ဆင့်ပေါက်နေသည့်မြင်ကွင်း။ ထိုမြင်ကွင်းမှလွဲ၍ ကျန်သည့်နေရာတွင် အစိမ်းရောင် ရှိမနေခြင်းက စိတ်ထဲတွင် ကြည်လင်ရှင်းလင်းပြတ်သားလျက်။
အရှေ့ဘက်မှ နေဝန်းကြီးသည် ကမ္ဘာမြေကြီးကို အလင်းရောင်တစ်ဝက်မျှသာ ပေးထားလျက်ရှိသော အချိန်တွင် ‘‘ကဲ … ငါတို့ မျှော်လင့်နေတဲ့ နေ့လေးကိုတော့ ရောက်လာပြီ။ အဲတော့ တာဝန်တွေ ခွဲကြရအောင်’’
ကျွန်တော်တို့ အဖွဲ့သည် ကိုဖြိုးအိမ်ရှေ့ရှိ မြေကြီးပေါ်တွင် မည်သည့်အရာမှ မခင်းဘဲ ဝိုင်းဖွဲ့ထိုင်နေ ကြခြင်းဖြစ်သည်။
‘‘အမလေး လာသေးတယ် ဆရာကြီးစတိုင်နဲ့’’ ဟု ကိုဖြိုးက ကျွန်တော့်အပြောကို စကားနာထိုးသည်။‘‘မဟုတ်ပါဘူးကွ လုပ်ရမှာတွေက အများကြီးဆိုတော့ မပြီးမှာကြောက်လို့ပါ။ ဟိုစကားတောင် ရှိသေးတယ်လေကွာ၊ ဘာတဲ့ …. အလုပ်တစ်ခုကို စနစ်တကျနဲ့စထားရင် တစ်ဝက်ပြီးတယ် ဆိုတာလေ။ အဲဒါကြောင့်ပါ’’‘‘အဲဒါကတော့ ကိုဇင်တို့ကို သက်သက်ချိုးတာပဲ။ မင်းဆိုလိုတာက ကိုဇင်တို့ကပဲ ပရမ်းပတာလုပ်နေ သလိုလိုနဲ့’’‘‘ဟေ့ကောင်၊ ဟေ့ကောင် ကိုဖြိုး မင်း ငါနဲ့ကိုဇင်တို့ကိုရန်တိုက်မပေးနဲ့’’‘‘တိုက်ပါစေကိုကြီးရာ။ ကျွန်တော်တို့က ဒီအဆင်နဲ့ ဒီအဆင်ကို သိပြီးသားတွေပါ’’ဟု ကိုဇင်က ပြောလိုက်သည်ကို ကျွန်တောတို့တစ်ဖွဲ့လုံး အားရပါးရ ရယ်ပစ်လိုက်ကြသည်။
‘‘ကဲ တော်ပြီကိုဖြိုးရာ မနောက်နဲ့တော့ ငါအတည်ပြောမလို့။ ဒီလိုကွာ မင်းက ရွှံ့သွားတူး။ ကိုဇင်တို့က ဗန်ဒါရွက်သွားခူးလိမ့်မယ်။ ဖယောင်းတိုင်အထုပ်တွေကိုတော့ မင်းကိုယ်တိုင် အလှူခံ မဏ္ဍပ်ကိုသွားပြီး ဆရာကြီးဆီက တောင်းလိုက်။ ပြီးတော့ ရပ်ကွက်ထဲက ကလေးတွေခေါ်ပြီး မင်းတို့နဲ့အတူ မီးပုံးလုပ်ခိုင်းကွာ။ ငါက ကိုအောင်ကြီးကိုခေါ်ပြီး လျှပ်စစ်မီးကိစ္စတွေလုပ်လိုက်မယ်။ ညနေကျမှ မီးခွက်ထဲ ဆီလိုက်ထည့်တာတို့၊ မီးပုံးလိုက်ချတာတို့ကို ဝိုင်းလုပ်ကြတာပေါ့’’‘‘ကောင်းတယ်ကိုကြီး။ ကျွန်တော်တို့ ဗန်ဒါရွက်ခူးပြီး ကလေးတွေခေါ်ခဲ့မယ်’’
ကိုဇင်တို့အုပ်စု ပြောပြောဆိုဆိုဖြင့် ထသွားကြသည်။ ကျွန်တော်နှင့်ကိုဖြိုးသာကျန်ခဲ့ရာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး‘‘ကဲ မင်းလည်း ရွှံ့သွားတူးတော့။ ငါလည်း ကိုအောင်ကြီး သွားခေါ်လိုက်တော့မယ်’’
ကျွန်တော်တို့မြို့တွင် သီတင်းကျွတ်လပြည့်နေ့ဆိုလျှင် မိမိတို့နှင့်သက်ဆိုင်သည့်လမ်းများ၏ တစ်ဖက်တစ်ချက်(လမ်းပခုံး)ပေါ်တွင် ဗန်ဒါရွက်မီးပုံးလေးများကို တန်းစီ၍ ထွန်းလေ့ရှိကြသည်။ ဗန်ဒါရွက်မီးပုံးဆိုသည်မှာ ရွှံ့များကို လေးထောင့်ပုံစံဖြစ်အောင်ထုပြီး အနားတစ်ဖက်လျှင် တစ်ရွက်နှုန်းဖြင့် စုစုပေါင်း ဗန်ဒါရွက် လေးရွက်ကို စိုက်ထားကာ ယင်းဗန်ဒါရွက်များ၏ အလယ်တွင် ဖယောင်းတိုင်ကိုစိုက်ထားခြင်းဖြစ်သည်။
နန်းတော်ဦးစေတီ ရင်ပြင်တော်ပေါ်ရှိ လူနှစ်ယောက်သည် လျှပ်စစ်ဝါယာကြိုးများ၊ ရောင်စုံ မီးသီးများ၊ မီးအလှဆင်ကြိုးများ စသည်တို့ဖြင့် အလုပ်ရှုပ်နေကြသည်။
‘‘ကိုအောင်ကြီး ခင်ဗျား ကျွန်တော်တို့ကိုတော့ ချစ်တီးမကျနဲ့နော်’’‘‘မင်းကလည်း ကိုယ့်ရပ်ကွက်ကစေတီမို့လို့ ကုသိုလ်ယူပါမယ်ဆိုမှပဲ’’
ကိုအောင်ကြီးတစ်ယောက် ကျွန်တော်ဝယ်လာသော ပစ္စည်းများကို စစ်ဆေးနေရင်းက ပြန်ပြောခြင်း ဖြစ်သည်။ ကိုအောင်ကြီးသည် ကျွန်တော်တို့ရပ်ကွက်တွင် မီးပြင်စားသည့်လူတစ်ယောက်ဖြစ်သည်။ လျှပ်စစ်မီးနှင့် ပတ်သက်၍ ပြင်ချင်၊ တတ်ချင်၊ ဖြုတ်ချင်လျှင် ကျွမ်းကျင်သည့် သူ့ကိုခေါ်ရသည်။ ရောင်စုံမီးအလှဆင်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်နေသူဖြစ်သည်။ အင်မတန်မှ နှမြောတွန့်တို၍ ကပ်စေးနှဲသောသူဖြစ်သည်။ တစ်ကျပ်တန်သည့်အလုပ်ကို နှစ်ကျပ်ရအောင် ခွာယူတတ်သောသူ ဖြစ်သည်။
‘‘ခုချိန်မှာ ကျွန်တော်က ခင်ဗျားရဲ့တပည့်ပဲ။ အဲတော့ ခင်ဗျား ခိုင်းချင်တာခိုင်း အကုန် လုပ်ပေးမယ်’’‘‘အဲဒါဆို စေတီပရဝုဏ်ရဲ့ ထောင့်လေးထောင့်မှာ တိုင်တွေစိုက်ပြီး သွပ်ကြိုးတန်းထား လိုက်ကွာ။ အဲဒါမှ ရောင်စုံမီးသီးတွေ တန်းလို့ရမှာ’’‘‘အင်း ဟုတ်ပြီ စိုက်လိုက်မယ်’’
ဤသို့ဖြင့် တိုင်များစိုက်ပြီး သံကြိုးတန်းများကို တန်းလိုက်သည်။ ထိုသံကြိုးတန်းတွင် ကိုအောင်ကြီး ပြင်ဆင်ထားသော ရောင်စုံမီးသီးဓာတ်ကြိုးတန်းကို သံကြိုးနှင့်ပူးကာ တိတ်များဖြင့် လိုက်ကပ်ကြသည်။ ထိုသို့ ကပ်လိုက်ပြီးသောအခါ နှစ်ပေစီခြား၍ တွဲလောင်းကျနေသော ရောင်စုံမီးသီးများသည် စေတီကို တစ်ပတ် ပတ်လိုက်သည့်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
‘‘ကဲ ဟေ့ကောင် ဒါကတော့ ပြီးသွားပြီ။ စေတီရဲ့ စိန်ဖူးတော်ထိပ်မှာ မာကျူရီမီးသီးတပ်ဖို့နဲ့ မီးအလှဆင်ကြိုးတွေ ချိတ်ဖို့ ကျန်သေးတယ်။ အဲတော့ အိမ်ပြန်ပြီး လှေကားယူရင်း ထမင်းစားလိုက်ဦးမယ်။ မင်းလည်း ကိုဖြိုးအိမ်ကနေ လှေကားတစ်စင်း သယ်ထားလိုက်’’ ဟုပြောပြီး သူ၏အားကိုးရာ လက်နက်ဖြစ်သော ပလာယာကို ခါးကြားထိုး၍ ထွက်သွားလေတော့သည်။
ကိုအောင်ကြီးထွက်သွားမှ ကျွန်တော်လည်း ကိုဖြိုးတို့ကို သတိရသွားပြီး စေတီအုတ်တံတိုင်းပေါ်တက်၍ ကိုဖြိုးတို့အိမ်ရှေ့သို့ လှမ်းကြည့်လိုက်ရာ ကျွန်တော် မျက်လုံးပြူးသွားသည်။ သူ၏အိမ်ရှေ့တွင် ရပ်ကွက်ထဲမှ ကလေးပေါင်းစုံရောက်ရှိလျက်ရှိပြီး ပွဲတော်ကျင်းပနေသည့် အလား ထင်ရအောင် စည်ကားလျက်ရှိသည်။ အားလုံးသည် မြေကြီးပေါ်တွင် ပယ်ပယ်နယ်နယ်ထိုင်၍ ရွှံ့များကို ထုနေသူက ထုလျက်၊ ခုတ်လာသည့်ဗန်ဒါကိုင်းများကို တစ်ရွက်ချင်း ချွေသူက ချွေလျက်၊ ထုပြီးသော လေးထောင့်ပုံစံရွှံ့ပြားပေါ်တွင် ဗန်ဒါရွက်စိုက်နေသူက စိုက်လျက်၊ ဖယောင်းတိုင် စိုက်နေသူက စိုက်လျက်ဖြင့် ဆရာကြီး၏အလှူခံမဏ္ဍပ်မှ ဖွင့်ထားသော နဂါးနီသီချင်းကို လိုက်၍ ဆိုနေကြသည်။ ကိုဖြိုးနှင့် ကိုဇင်တို့သည်လည်း ကလေးများနှင့်အပြိုင် သီဆိုပျော်ရွှင်နေကြလျက် ရှိပါသည်။
အပိုင်း (၁) လင့်ခ် – https://bit.ly/2sbhzBX
အပိုင်း (၂) လင့်ခ် – https://bit.ly/2sdXESU
အပိုင်း (၃) လင့်ခ် – https://bit.ly/2VJgEGa
အပိုင်း (၄) လင့်ခ် – https://bit.ly/2DaHb88
မင်းထက်မြိုင်