ဝေးလံခေါင်သီတဲ့ နေရာတွေကို အင်တာနက်ပေးမယ့် ဖေ့ဘွတ် ရဲ့ မောင်းသူမဲ့ ဆိုလာ လေယာဉ် စမ်းသပ်မှု အောင်မြင်

aquila-drone-i.jpg

ကယ်လီဖိုးနီးယားနယ်စပ် အနီးက အမေရိကန်စစ်တပ် လေယာဉ်ပြေး လမ်းပေါ်မှာ ဆိုလာစွမ်းအင်သုံး Aquila ယာဉ် ပျံတက်သွားတာကို စောင့်ကြည့်နေ တဲ့ ဖေ့ဘွတ် တည်ထောင်သူ မက်ခ်ဇူကာဘတ်ရဲ့ ခေါင်းက အရီဇိုးနား သဲကန္တာရမှာ ပြူထွက် လာတဲ့ နေလုံးကြီးလိုပါပဲ။

Mark Zuckerberg မှ Aquila ယာဉ် ပျံတက်သွားသည်ကို စောင့်ကြည့်နေပုံ

ဇူကာဘတ်ရဲ့ အဖွဲ့လည်း ထိုနည်းအတိုင်း ခေါင်းတစောင်းစောင်းနဲ့ပေါ့။ ဝေးလံခေါင်သီပြီး အင်တာနက် မရသေးတဲ့နေရာက လူတွေ အင်တာနက် သုံးခွင့်ရစေမယ့် ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ် ပျံတက်သွားပုံကို သူတို့ စောင့်ကြည့်နေကြတာပါ။

ဘိုးအင်း ၇၃၇ လေယာဉ်တောင်ပံ အရွယ်အစားလောက်ရှိတဲ့ တောင်ပံတွေ တပ်ဆင်ထားတဲ့ Aquila လေယာဉ်ဟာ ၉၆ မိနစ်တိုင်တိုင် ခပ်နိမ့်နိမ့်ပဲ ပျံသန်းခဲ့ပြီး အဲဒီ အချိန် ပမာဏက ဖေ့ဘွတ် ကုမ္ပဏီက မူလ စီစဉ်ထားတဲ့ အချိန်ထက် (၃)ဆ ပိုကြာမြင့်ခဲ့ပါတယ်။ ဖေ့ဘွတ် ကုမ္ပဏီဟာ Aquila လေယာဉ်ရဲ့ ပုံစံငယ်ကို လပေါင်းများစွာကြာအောင် စမ်းသပ်ခဲ့ပြီး ပြီးခဲ့တဲ့(၁)လကမှ လက်ရှိ အရွယ်အစား လေယာဉ်ကို ပထမဆုံး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို အနေအထားမှာ အခုအကြိမ် စမ်းသပ်မှုက အောင်မြင်မှု ရခဲ့တာပါ။

အဲဒီလေယာဉ်ဟာ အင်တာနက် မရသေးတဲ့ ကမ္ဘာပေါ်က ဝေးလံခေါင်သီတဲ့ ဒေသတစ်ဝိုက် လှည့်ပတ်နေမှာဖြစ်ပြီး လေဆာရောင်ခြည်တန်း နည်းပညာကို အသုံးပြုလို့ အချင်းဝက် မိုင် ၆၀ အကွာအဝေးက လူတွေကို မြန်နှုန်းမြင့် အင်တာနက် ပံ့ပိုးပေးမှာဖြစ်ပါတယ်။ Aquila လေယာဉ်က ထုတ်လွှတ်ပေးမယ့် လှိုင်းကို အသေးစား တာဝါတိုင်တွေ၊ မြေပြင် အခြေစိုက် စလောင်းတွေကနေ ဖမ်းယူနိုင်မှာဖြစ်ပြီး ဖမ်းယူတဲ့စက်တွေက Wi-Fi (ဒါမှမဟုတ်) 4G လိုင်းအဖြစ် ပြောင်းလဲပေးမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဖေ့ဘွတ် ကုမ္ပဏီအနေနဲ့ ဆိုလာစွမ်းအင်သုံး လေယာဉ်ကနေ အင်တာနက် ပေးနိုင်ဖို့ ပြဿနာတွေ ရှိနေဆဲပါပဲ။ ၂၄ နာရီပတ်လုံး အဲဒီလေယာဉ် အလုပ် လုပ်နိုင်ဖို့အတွက် အားကောင်းပြီး လုံလောက်တဲ့ စွမ်းအင်ရရှိဖို့၊ တစ်ကြိမ်မှာ (၃)လ ကြာမြင့်ပြီး ကမ္ဘာ့ မြေမျက်နှာပြင်အထက် ပေ ၆၀,၀၀၀ (ဒါမှမဟုတ်) ဒီထက်ပိုမြင့်တဲ့ အမြင့်ပေမှာ ပျံသန်းရမယ့် စီမံကိန်း မပြီးဆုံးခင် စွမ်းအင် လုံလုံလောက်လောက် သိုလှောင်နိုင်မယ့် ဘက်ထရီ တပ်ဆင်ဖို့ စတဲ့အချက်တွေပါပဲ။ လောလောဆယ် အချိန်အထိတော့ ဆိုလာစွမ်းအင် အသုံးပြုတဲ့ မောင်းသူမဲ့ လေယာဉ်တွေထဲမှာ သီတင်းပတ် (၂)ပတ် ခရီးဆက်နိုင်ခဲ့တဲ့ လေယာဉ်က အချိန်အကြာဆုံး စံချိန်တင်ထားတာပါ။ အဲဒီလို အခက်အခဲတွေ ရှိနေပေမယ့် ဖေ့ဘွတ်ကတော့ ဝေးလံခေါင်သီတဲ့နေရာက လူတွေ အင်တာနက် အသုံးပြုနိုင်ပြီး ကမ္ဘာကြီး တစ်ခုလုံး နေရာလပ်မရှိ ဆက်စပ်မိစေမယ့် အချိန်အတွက် စိတ်လှုပ်ရှားနေမိပြီလို့ ကြေညာထားပါတယ်။

Ref:Facebook’s Aquila drone completes first test flight

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top