ONE: Edge of Greatness ပြိုင်ပွဲကို ပရိသတ်များ ဘာကြောင့် လက်လွတ်မခံသင့် သလဲ

yyl-024-6.jpg

နှစ်တစ်နှစ် ကုန်ဆုံးရန် နီးကပ်လာသည့် အချိန်တွင် ယခုနှစ်အတွက် ကျင်းပရန်လျာထားသည့် ONE Championship ပြိုင်ပွဲများ သည်လည်း ပြီးဆုံးရန် အနည်းငယ်သာ ကျန်ရှိတော့သည်ကို တွေ့ရသည်။ ယခုနှစ် ဒီဇင်ဘာလကုန် အထိ ONE Championship ပြိုင်ပွဲ ၂ ပွဲသာ ကျင်းပရန် ကျန်ရှိတော့ပြီး ယင်းအနက် ပထမပွဲမှာ စင်ကာပူတွင် ကျင်းပမည့် ONE: Edge of Greatness ပွဲ ဖြစ်သည်။ ONE Championship အခြေစိုက်ရာနိုင်ငံတွင် ယခုနှစ်အတွင်း နောက်ဆုံးကျင်းသည့် ပြိုင်ပွဲဖြစ်လာမည့် အဆိုပါပြိုင်ပွဲကို ပရိသတ်များ အဘယ်ကြောင့် လက်လွတ်မခံသင့်သည်ဆိုသည့် အချက်များအား စုစည်းတင်ပြ လိုက်ရပါသည်။

(၁) Nong-O ၏ တတိယမြောက် ချန်ပီယံကာကွယ်ပွဲ

ONE Championship ၏ ဘန်တန်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ ချန်ပီယံ Nong-O Gaiyanghadao သည် ယခုပြိုင်ပွဲတွင် ၎င်း၏ တတိယ မြောက် ချန်ပီယံ ကာကွယ်ပွဲ အဖြစ် တစ်နိုင်ငံတည်းသား ကစားသမား Saemapetch Fairtex နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အသက် ၃၂ နှစ် ရှိသူ Nong-O သည် လွန်ခဲ့သည့် တစ်လခန့်ကပင် ဒုတိယမြောက် ချန်ပီယံ ကာကွယ်ပွဲ ကစားခဲ့ပြီး ပြိုင်ဘက်ကို ပွတ်ကာသီကာ အနိုင်ရကာ ချန်ပီယံ ခါးပတ် ဆက်လက် ထိန်းသိမ်းနိုင် ခဲ့သူဖြစ်သည်။ Rajadamnern Stadium ချန်ပီယံ၊ Lumpinee Stadium ချန်ပီယံနှင့် ထိုင်းနိုင်ငံ၏ လိုက်ဝိတ်၊ ဘန်တန်ဝိတ်၊ စူပါဘန်တန်ဝိတ် ဟူသည့် ဝိတ်တန်း ၃ တန်း ချန်ပီယံ ဖြစ်ခဲ့သူ Nong-O သည် မွေထိုင်း လက်ဝှေ့လောကမှ အနားယူခဲ့ပြီးနောက် တကျော့ပြန် ဝင်လာသူလည်း ဖြစ်သည်။

၎င်းနှင့် ရင်ဆိုင်ရမည့် Saemapetch မှာ အသက်အားဖြင့် ၂၅ နှစ်သာ ရှိသေးသော်လည်း အတွေ့အကြုံပိုင်း ပြီးပြည့်စုံနေပြီ ဖြစ်သည့် ကစားသမား ဖြစ်သည်။ အသက် ၁၁ နှစ် ကတည်းက ကြိုးဝိုင်းထဲ စဝင်ခဲ့သည့် Saemapetch သည် အသက် ၁၄ နှစ် အရွယ်တွင်ပင် ပွဲကြီးများ ထိုးသတ်ရသည့် နာမည်ကျော် တစ်ဦး ဖြစ်လာခဲ့သည်။ လက်ရှိတွင် ပတ္တယားရှိ Fairtex လေ့ကျင့်ရေး စခန်းတွင် အခြား နာမည်ကျော် ONE Championship ကစားသမားများ နှင့်အတူ လေ့ကျင့်နေသည့် Saemapetch သည် ဆယ်ကျော်သက် အရွယ်နှင့် မွေထိုင်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်များ သိမ်းပိုက်ခဲ့သူ ဖြစ်သဖြင့် Nong-O ကို အကောင်းဆုံး စိန်ခေါ်နိုင်သည့် ပြိုင်ဘက် ဖြစ်လာသည်။ အကောင်းဆုံး အတွေ့အကြုံနှင့် လက်စွမ်း ရှိနေသည့် Nong-O ကို ငယ်ဂုဏ်ရှိပြီး လက်စွမ်းထက်သည့် Saemapetch မည်သို့ စိန်ခေါ် ယှဉ်ပြိုင်မည် ဆိုသည်က ယခုပြိုင်ပွဲကို လက်လွတ်မခံ သင့်ဆုံး အချက်တစ်ခု ဖြစ်သည်။

(၂) လိုက်ဝိတ်တန်း နာမည်ကြီးနှစ်ဦး၏ တွေ့ဆုံမှု

တစ်ကြိမ်မှ ချန်ပီယံ မဖြစ်ဖူးသော်လည်း ပရိသတ် အားပေးမှု မြင့်မားသည့် နာမည်ကြီး ကစားသမား နှစ်ဦး ONE Championship ၏ လိုက်ဝိတ် တန်းတွင် ယှဉ်ပြိုင်လျက် ရှိသည်။ အဆိုပါ ကစားသမား နှစ်ဦးမှာ စင်ကာပူမှ Amir Khan နှင့် မလေးရှား-နယူးဇီလန် ကစားသမား Ev “E.T.” Ting တို့ ဖြစ်ကြသည်။ ၎င်းတို့သည် အသက်အရွယ်နှင့် လက်စွမ်း အမြင့်ဆုံး အခြေအနေ ရောက်ရှိနေကြ သူများ ဖြစ်သော်လည်း Ev Ting က ချန်ပီယံ စိန်ခေါ်ပွဲ တစ်ကြိမ် ကစားဖူးသည်မှ လွဲ၍ ချန်ပီယံဆုနှင့် နီးစပ်ခွင့် မရဘဲ ရုန်းကန် နေကြရ သူများ ဖြစ်သည်။ ယခုပြိုင်ပွဲတွင် အဆိုပါ ကစားသမား နှစ်ဦး ထိပ်တိုက် တွေ့နေခြင်းက စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာစေသည်။

စင်ကာပူ နိုင်ငံ မွေထိုင်းချန်ပီယံ ဖြစ်ဖူးသည့် Khan သည် ၎င်း၏ ဝိတ်တန်းတွင် အလဲထိုးနိုင်ပွဲ အများဆုံး ကစားသမား ဖြစ်ပြီး နိုင်ပွဲ ၉ဝ ရာခိုင်နှုန်းကို အလဲထိုး/ မြေပြင်အချုပ် နည်းလမ်းများဖြင့် အနိုင်ရခဲ့သူ ဖြစ်သည်။ သို့သော် အသက် ၂၄ နှစ်ရှိသူ Khan သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ နောက်ပိုင်း နိုင်ပွဲပျောက်ဆုံး နေခဲ့သူ ဖြစ်ပြီး နောက်ဆုံး ၃ ပွဲဆက် ရှုံးထားသည်။ နယူးဇီလန်၏ ဖယ်သာဝိတ်တန်း ချန်ပီယံ Ev Ting မှာမူ ချန်ပီယံ စိန်ခေါ်ပွဲ ကစားခွင့် ရခဲ့သည်အထိ လက်စွမ်း ပြနိုင်ခဲ့သူ ဖြစ်သည်။ ယခုပွဲသာ အနိုင်ရခဲ့ပါက အသက် ၃ဝ ရှိသူ Ev Ting သည် လက်ရှိချန်ပီယံ ကိုပင် စိန်ခေါ်ပွဲ ကစားခွင့် ရနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ရှုံးပွဲ ဆက်မှုကို အိမ်ကွင်းတွင် ရပ်တန့်ရန် ကြိုးစားမည့် Khan နှင့် ချန်ပီယံ လက်စွမ်းပြလို နေသည့် Ev Ting တို့ တွေ့ဆုံမှုသည် လက်လွတ် မခံသင့်သည့် ပွဲကောင်း တစ်ပွဲ ဖြစ်သည်။

(၃) ညီမ Northcutt ၏ ပွဲဦးထွက်ပွဲ

ONE Championship သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က UFC နာမည်ကြီး ကစားသမားဟောင်း “Super” Sage Northcutt ကို စာချုပ် ချုပ်ဆို ခေါ်ယူလိုက်ခြင်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောက တစ်ခုလုံး ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သည့် သတင်း ဖြစ်သည်။ သို့သော် ONE Championship သည် နောက်ထပ် Northcutt မိသားစုဝင် တစ်ဦးကို ထပ်မံ စာချုပ်သည့် သတင်းကိုတော့ သိရှိသူ နည်းပါးသည်။ အဆိုပါ မိသားစုဝင်မှာ Sage ၏ ညီမငယ် ဖြစ်သော Colbey Northcutt ဖြစ်သည်။ Colbey သည် ယခုပြိုင်ပွဲတွင် ၎င်း၏ ပထမဆုံး ONE Championship ပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Colbey သည် အစ်ကိုဖြစ်သူ Sage ၏ ခြေရာနင်းကာ ယခင်က ကရာတေး ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။ သို့သော် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသည့် သက်တမ်း နုနယ်သေးပြီး ပရော်ဖက်ရှင်နယ် ကြိုးဝိုင်းထဲတွင် တစ်ပွဲသာ ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၎င်းနှင့် ရင်ဆိုင်ရမည့် ပြိုင်ဘက်မှာလည်း နယ်ပယ်သစ်သို့ ယခုမှ စတင် ရောက်ရှိလာသည့် ကရာတေး ပညာရှင် Putri Padmi ဖြစ်သည်။ Sage ၏ ပရိသတ်များက Sage နှင့် Colbey တို့ မောင်နှမကို စင်ကာပူမှ Lee မောင်နှမ ကဲ့သို့ပင် အတွဲလိုက် ကမ္ဘာ့ချန်ပီယံ ဖြစ်လာ စေရန် အထိ မျှော်မှန်း နေကြသဖြင့် Colbey ၏ အဖွင့်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်ကြမည် ဖြစ်သည်။

(၄) စိတ်ဝင်စားဖွယ် ရှေ့ပိုင်းတွဲဆိုင်းများ

ယခုပြိုင်ပွဲတွင် အဓိက နောက်ပိုင်း ပွဲကြီးများ သာမက ရှေ့ပိုင်း တွဲဆိုင်းများ ကလည်း စိတ်ဝင်စားဖွယ် ကောင်းနေခြင်းက ပြိုင်ပွဲကို လက်လွတ် မခံသင့်သည့် အချက်တစ်ချက် ဖြစ်သည်။ ဖယ်သာဝိတ်တန်း Kickboxing GP ပြိုင်ပွဲ၏ ချန်ပီယံ Giorgio “The Doctor” Petrosyan ကို ကွာတားဖိုင်နယ် အဆင့်တွင် အနိုင်ရမလို ဖြစ်ခဲ့သည့် ထိုင်းကစားသမား Petchmorakot Petchyindee Academy သည် ယခုပွဲတွင် MTGP နှင့် WMC မွေထိုင်း ကမ္ဘာ့ချန်ပီယံ Charlie “Boy” Peters နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ပြင် WMF မွေထိုင်း ကမ္ဘာ့ချန်ပီယံ ငါးထပ်ကွမ်း ဗီယက်နမ် ကစားသမား “No.1” Nguyen Tran Duy Nhat ကလည်း WMC မွေထိုင်း ကမ္ဘာ့ ချန်ပီယံ Yuta Watanabe နှင့် ထိပ်တိုက်တွေ့လျက် ရှိသည်။

အခြား တွဲဆိုင်းတစ်ခုတွင် ဘရာဇီး ဂျူဂျစ်ဆု ကမ္ဘာ့ ချန်ပီယံဟောင်း Bruno “Puccibull” Pucci သည် ဂျပန် ကစားသမား Shuya “Stealth” Kamikubo နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Pucci သည် ယခုပွဲကို ယခင် ကစားနေကျ ဖယ်သာဝိတ်တန်းတွင် မကစားဘဲ ဘန်တန်ဝိတ် တန်းသို့ဆင်းကာ ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။ ONE Championship ၏ စတောဝိတ်တန်း ချန်ပီယံဟောင်း ဘရာဇီးလ် ကစားသမား Alex “Little Rock” Silva နှင့် တရုတ် နပမ်းချန်ပီယံ Peng Xue Wen တို့၏ပွဲ၊ ဥရောပ Kickboxing ချန်ပီယံဟောင်း Brown Pinas နှင့် အင်္ဂလန် Roar Combat League ချန်ပီယံဟောင်း Liam Nolan တို့၏ ပွဲများကလည်း မလွတ်တမ်း ကြည့်ရှု သင့်သည့် ပွဲကောင်းများ ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top