Eduard Folayang သည် Amir Khan နှင့်ရင်ဆိုင်ရမည့်ပြိုင်ပွဲမတိုင်ခင် Martin Nguyen ကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်ကို ပြန်လည်သုံးသပ်

eduard-folayang-2.jpg

Eduard Folayang အတွက် ကြမ္မာငင်ခဲ့သောညဖြစ်သည့် ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့ညတွင် မနီလာမြို့ရှိ Asia Arena ခန်းမကြီးအတွင်း Martin Nguyen ကို ရှုံးနိမ့်ခဲ့ရသည့် ပွဲသိမ်းတိုက်ကွက်သည် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့ကာ ONE လိုက်ဝိတ်ခါးပတ်ကို ၎င်း၏ ဖိလစ်ပိုင်ပရိသတ်များရှေ့တွင် Martin Nguyen ကို အပ်နှင်းခဲ့ရသည်။

ထိုပွဲဒုတိယအချီတွင် Martin Nguyen ၏ သေသပ်သော ညာလက်သီးတစ်ချက်ကြောင့် Folayang သည် ကြမ်းပြင်ပေါ်တွင် ခေတ္တသတိမေ့သွားခဲ့ရကာ ၎င်း၏ ချန်ပီယံရွှေခေတ် အပြီးသတ်သွားခဲ့သည်။

Folayang သည် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူသွားနိုင်ရေးအတွက် ယခုနှစ်တွင် ပြန်လည်ကြိုးစားယှဉ်ပြိုင်နေခဲ့ရာ ပြီးခဲ့သော မေလ၌ ကျင်းပခဲ့သည့် ONE: UNSTOPPABLE DREAMS ပြိုင်ပွဲကြီးတွင် KharunAtlangeriev ကိုလည်းကောင်း ၊ ဇွန်လ၌ ကျင်းပခဲ့သည့် ONE: REIGN OF KINGS ပြိုင်ပွဲကြီးတွင် Aziz Pahrudinov ကို လည်းကောင်း အနိုင်ရယူထားသည်။

၎င်းနောက်ဆုံးယှဉ်ပြိုင်ခဲ့သောပွဲရလဒ်ကြောင့်ပင် Folayang သည် လစ်လပ်နေသော ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စိန်ခေါ်နိုင်ရန် အခွင့်အရေးရရှိခဲ့သည်။ ၎င်းသည် ယခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Asia Arena ၌ ကျင်းပမည့် ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီး၏ ဒုတိယအဓိကပွဲစဉ်တွင် ပွဲသိမ်းတိုက်ကွက်များဖြင့် ကျော်ကြားသော စင်္ကာပူကစားသမား Amir Khan နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည်။

“အဲဒီပွဲကို ရှုံးသွားပြီး ကျွန်တော်ဘေးဘီကိုလှည့်ကြည့်တော့ အားကစားကွင်းတစ်ခုလုံးက တိတ်ဆိတ်နေခဲ့တယ်။ ကျွန်တော် အမှားကြီးလုပ်မိသွားတာကို သိလိုက်တယ်။ ကျွန်တော် ဘာဆင်ခြေမှမပေးလိုပေမယ့် ဖြစ်ပြီးသားကိစ္စကိုတော့ ကျွန်တော်လက်ခံရလိမ့်မယ်။ ကျွန်တော် အဲ့ဒီအတိတ်ထဲမှာ ကျန်ရစ်မနေချင်ဘူး” ဟု Folayang က ၎င်း၏ ခံစားချက်ကို မျှဝေခဲ့သည်။

“အားကစားရုံပြန်သွားပြီး လုပ်နေကျ လေ့ကျင့်မှုတွေ ဆက်လုပ်ဖို့ ကျွန်တော့်ကို ကျွန်တော်သတိပေးခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ ရှေ့လျောက် ပြိုင်ဘက်တွေကို ယှဉ်ပြိုင်တဲ့အခါ ပိုသတိထားပြီး ပိုပြင်ဆင်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။ ဖိလစ်ပိုင်၏ နာမည်အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံကကစားသမား Folayang အနေဖြင့် နိုင်ငံကိုကိုယ်စားပြုကာ နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင်ယှဉ်ပြိုင်ရခြင်းမှာ အလွန်တရာပင် တာဝန်ကြီးပါသည်။ Folayang အဖို့ ဖိလစ်ပိုင်ပြည်သူများ၏ အားပေးမှုအပြင် ပြိုင်ပွဲကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်တိုင်း ၎င်း၏သမီးကို စိတ်ထဲတွင် အမြဲရှိနေသည်။

“မိမိက နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ရတဲ့အခါ မိမိနိုင်ငံသားတွေရဲ့ ဝေဖန်ခြင်းခံရလိမ့်မယ်ဆိုတာကို နားလည်ထားဖို့လိုပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်းလိုပါတယ်” ဟု Folayang က အလေးအနက် ပြောသည်။ “ကိုယ့်မှာ သမီးလေးရှိတယ်၊ သမီးလေးက သူ့အဖေကို အရှုံးသမားတစ်ယောက်အဖြစ် မမြင်စေရဘူးလို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးတယ်။ ကျွန်တော် အောင်မြင်တဲ့အချိန်ရောက်နေပြီဖြစ်လို့ Baguio အတွက် ဂုဏ်ဆောင်ပေးချင်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

Folayang သည် ၎င်းအပေါ် ဝေဖန်ချက်များကို မှားယွင်းကြောင်း သက်သေပြရန်အတွက် စိတ်အားထက်သန်နေသည်။ ၎င်းသည် အားကစားသမားဘဝကို အပြီးသတ်ရန် အချိန်လိုသေးကြောင်း၊ သောကြာနေ့ပြိုင်ပွဲတွင် ၎င်းယှဉ်ပြိုင်ရခြင်းသည် ကမ္ဘာ့ချန်ပီယံခါးပတ်ရရှိရန်တစ်ခုတည်းအတွက် မဟုတ်ကြောင်း ပြောကြားထားသည်။

“ကျွန်တော် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရရှိရုံသာ ယှဉ်ပြိုင်တာမဟုတ်ဘဲ ကျွန်တော့်ရဲ့အားကစားသမားဘဝ အဆုံးမသတ်သေးဘူးဆိုတာ သက်သေပြဖို့လည်း ဖြစ်တယ်။ ကျွန်တော့်ဆီမှာ ဖော်ထုတ်ပြသဖို့ အရည်အချင်းတွေ အများကြီးကျန်သေးတယ်ဆိုတာကိုလည်း သက်သေပြချင်ပါသေးတယ်။ ကမ္ဘာကြီးအတွက် ပိုပြီး စိတ်လှုပ်ရှားစရာ အချိန်တွေဖြစ်လာမှာပါ” ဟု Folayang က အပြီးသတ်ပြောကြားသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top