မာရီယာပိုမြို့နဲ့ပတ်သက်ပြီး ရုရှားရဲ့ကမ်းလှမ်းမှုကို ယူကရိန်းပယ်ချ

21-3-2022-yyl02.jpg

မာရီယာပိုမြို့ကို ခုခံကာကွယ်နေသူတွေဘက်က လက်နက်ချရင် မြို့ထဲမှာ ပိတ်မိနေသူတွေကို ဘေးကင်းရာ ပို့ဆောင်ပေးမယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ ကမ်းလှမ်းမှုကို ယူကရိန်းက ပယ်ချလိုက်ပါတယ်။ ဗျူဟာအရ အရေးပါတဲ့ဆိပ်ကမ်းမြို့ကို အညံ့ခံလိုက်ဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိဘူးလို့ ယူကရိန်းက တုံ့ပြန်သွားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက မာရီယာပိုမြို့မှာ လူ ၃၀၀,၀၀၀ နီးပါး ပိတ်မိနေပြီး စားနပ်ရိက္ခာတွေ ပြတ်လပ်နေသလို ထောက်ပံ့ကူညီမှု ပေးအပ်ခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။ မြို့ခံလူထုဟာ လျှပ်စစ်မီးမရှိ၊ ရေမရှိတဲ့ အခြေအနေမျိုးမှာ ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို သီတင်းပတ်တော်တော်ကြာ ရင်ဆိုင်နေရပါတယ်။

ရုရှားနိုင်ငံရဲ့ ကမ်းလှမ်းချက် အစီအစဉ်အရ (တနင်္လာနေ့မှာ) မော်စကိုမြို့စံတော်ချိန် နံနက် ၁၀ နာရီကစပြီး ရုရှားစစ်သည်တွေက ဘေးကင်းလုံခြုံတဲ့စင်္ကြံလမ်း ဖော်ဆောင်ပေးမှာဖြစ်ပြီး ယူကရိန်းစစ်သည်တွေနဲ့ ပြည်ပက ကြေးစားစစ်သည်( ရုရှားရဲ့ အသုံးအနှုန်း)တွေကို လက်နက်ချ၊ ထွက်ခွာစေမှာပါ။ အဲဒီနောက် ၂ နာရီအကြာမှာ လမ်းတွေကို မိုင်းရှင်းလင်းပြီးရင် အစားအစာ၊ ဆေးဝါးနဲ့ တခြားအထောက်အကူပစ္စည်းတွေ တင်ဆောင်လာတဲ့ လူသားချင်းစာနာထောက်ထားမှုယာဉ်တန်းကို မာရီယာမြို့ထဲ ဘေးကင်းလုံခြုံစွာ ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

မာရီယာပိုမြို့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကြုံနေရပြီလို့ ရုရှားဗိုလ်ချုပ်ကြီး မီဇင်တက်ဗ်က ဝန်ခံခဲ့ပါတယ်။ ယူကရိန်း ဒုတိယဝန်ကြီးချုပ် ဗီရက်ချက်ကတော့ မာရီယာပိုမြို့ကို ဆက်လက်ကာကွယ်သွားမယ်လို့ ဆိုခဲ့ပါတယ်။မာရီယာပိုမြို့တော်ဝန်ရဲ့ အကြံပေး အန်ဒရူရှန်ကိုကတော့ ရုရှားနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုကတိစကားတွေကို ယုံစရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ”ဘယ်လိုအချိန်မျိုးမှာ ရုရှားက လူသားချင်းစာနာထောက်ထားမှုစင်္ကြံလမ်းအကြောင်း လာပြောနေတာလဲ။ သူတို့ တကယ်လုပ်နေတာ ဘာလဲ။ သူတို့က ယူကရိန်းပြည်သူတွေကို ရုရှားနိုင်ငံထံ အတင်းအဓမ္မပို့ဆောင်နေတာလေ” လို့ ပြောခဲ့တာပါ။

အဇော့ဗ်ပင်လယ်ထဲက ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယာပိုမြို့ဟာ ယူကရိန်းအရှေ့ပိုင်းက ဒွန်းညက်၊ လူဟန့်စ်ဒေသ ( ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ သိမ်းပိုက်ထား)တွေအတွက် ကုန်းမြေစင်္ကြံလမ်း ဖော်ဆောင်ဖို့ ဗျူဟာမြောက် တည်နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားရဲ့ကျူးကျော်စစ်မှာ ဗျူဟာမြောက်ပစ်မှတ်တစ်ခုဖြစ်ပြီး အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်ပွားလျက်ရှိပါတယ်။ အခုအချိန်အထိလည်း ရုရှားတပ်ဖွဲ့တွေက မာရီယာပိုမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

Ref: BBC “Mariupol: Ukraine rejects Russian demand to surrender port city”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top