ရုရှားစစ်သည် ၁၅,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်မှ ဆို

21-2-2022-yyl01.jpg

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားစစ်သည် ၁၅၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်အရာရှိတွေက ပြောပါတယ်။ ၂၅ ရက်ကြာ စစ်ပွဲကာလအတွင်း ရုရှားစစ်သည် ၁၄၇၀၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တင့်ကား ၄၇၆ စင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ မောင်းသူမဲ့ယာဉ် အစင်း ၂၀၀ ကျော်၊ သံချပ်ကာကား ၁၄၈၇ စင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖော်ပြချက်တွေနဲ့ပတ်သက်ပြီး ဘီဘီစီသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အနောက်အုပ်စု သတင်းရင်းမြစ်တွေအရ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ထိခိုက်ဆုံးရှုံးမှု များနေပြီး အနည်းဆုံး ရုရှားစစ်သည် ၇၀၀၀ သေဆုံးကာ ဒဏ်ရာရသူ ၂၁၀၀၀ အထိ ရှိမယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေက ခန့်မှန်းထားပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားက လူနေအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ စွပ်စွဲခံနေရပြီး အခုနောက်ဆုံးအနေနဲ့ မာရီယာပိုမြို့မှာ လူ ၄၀၀ ခိုလှုံနေတဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပျက်စီးပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ ဒါဇင်ပေါင်းများစွာ ရှိတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ အရပ်ဘက်ဆိုင်ရာ နေရာတွေကို တိုက်ခိုက်ခြင်းမရှိဘူးလို့ ရုရှားဘက်က ငြင်းဆန်နေပေမဲ့ မာရီယာပိုမြို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ လုံးဝနီးပါး ပျက်စီးနေတဲ့ ရပ်ကွက်တွေ တွေ့ရပြီး ဆေးရုံ၊ စာသင်ကျောင်း အစရှိတဲ့ အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေလည်း ပျက်စီးနေပါတယ်။ မာရီယာပိုမြို့မှာ ဝိုင်းခံထားရပြီး အဆက်အသွယ် ပြတ်တောက်နေလို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း မာရီယာပိုမြို့က သောင်းချီတဲ့ ဒေသခံတွေဟာ သူတို့ဆန္ဒမပါဘဲ ရုရှားနိုင်ငံထံ ပို့ဆောင်ခံနေရတယ်လို့ အရာရှိတွေက ဆိုပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေပြီး အမျိုးသမီးတွေကိုလည်း မသတ်ခင် နာရီပေါင်းများစွာကြာ မုဒိန်းကျင့်ခဲ့ကြတယ်လို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် စတီဖာနီရှာနာက စွပ်စွဲထားပါတယ်။

Ref: BBC “Live Reporting”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top