ငလျင်လှုပ်ပြီး (၄) ရက်အကြာမှာ (၃) နှစ်သမီးလေးကို အသက်ရှင်လျက် ရှာဖွေကယ်ထုတ်နိုင်ခဲ့

4-11-2020-yyl-001.jpg

တူရကီနိုင်ငံက အစ်ဇ်မာမြို့မှာ ပြင်းအား (၇) ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးတဲ့နောက် (၄) ရက်အကြာ အင်္ဂါနေ့မှာ (၈) တိုက်အဆောက်အဦးတွေရဲ့အကျိုးအပဲ့တွေကြားကနေ အသက် (၃) နှစ် သမီးလေး အီဒါ ဂီဇအင် (Ayda Gezgin) ကို ဆွဲထုတ်ကယ်တင်နိုင်ခဲ့ပါတယ်။ ကလေးမလေးကို အသက်ရှင်လျက် တွေ့ရှိရလို့ ပျော်ရွှင်ကြရပေမဲ့ သူ့ရဲ့မိသားစုတွေလည်း အသက်ရှင်နေဖို့ မျှော်လင့်နေရပါတယ်။

(၃) နှစ်သမီးလေးကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေက အီဒါဟာ ငလျင်ကြောင့် သူ့တိုက်ခန်း ပြိုကျချိန်မှာ သူ့ကို ကာကွယ်ပေးခဲ့တဲ့ အဝတ်လျှော်စက်နားမှာ လဲလျောင်းနေခဲ့တဲ့အတွက် အသက်ရှင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အီဒါကို တွေ့တဲ့အချိန်မှာလည်း သူ ပြုံးပြခဲ့တယ်လို့လည်း ပြောပါတယ်။ အီဒါကို အရေးပေါ်လူနာတင်ကားပေါ် သယ်ဆောင်နေတဲ့အချိန်မှာ သူ့အမေကို မေး‌နေခဲ့ပါတယ်။ ကလေးမလေးရဲ့အမေကလည်း ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ လူ (၁၀၅) ဦးထဲမှာ တစ်ဦးဖြစ်ခဲ့ပါတယ်။ အီဒါကို ရှာတွေ့ခဲ့တဲ့ အဆောက်အဦးမှာပဲ ဖီဒန် ဂီဇအင် သေဆုံးခဲ့တာဖြစ်ပါတယ်။ အီဒါရဲ့အခြေအနေက ကောင်းမွန်နေပြီး သူ့ရဲ့အဓိကအစိတ်အပိုင်းတွေလည်း ပုံမှန်ဖြစ်တယ်လို့ တူရကီရဲ့ဒုကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ပျက်စီးနေတဲ့ အဆောက်အဦးတွေကြားမှာ ပျောက်ဆုံးနေတဲ့လူတွေရှိနိုင်တဲ့အတွက် သေဆုံးမှုနှုန်းက မြင့်တတ်နိုင်သေးတယ်လို့ သိရပါတယ်။ အစ်ဇ်မာမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ (၁၀၀၀) ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့က အဆောက်အဦး (၅) ခုရဲ့အပျက်အစီးတွေကြားမှာ အခြားအသက်ရှင်နေတဲ့သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြတုန်းပါပဲ။ မိသားစုဝင်တွေကလည်း အဆောက်အဦးတွေနားတစ်ဝိုက်မှာ စုဝေးနေကြပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် ချက်ချင်းပဲ ကယ်ဆယ်ရေးအစီအစဉ်တွေစတင်ခဲ့ပြီး အစ်ဇ်မာမြို့ရဲ့ အဆောက်အဦး (၁၇) ခုကနေ လူ (၁၀၀) ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တနင်္လာနေ့ကလည်း (၆၅) နာရီအကြာမှာ နောက်ထပ် (၃) နှစ်သမီးလေးကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူက သူ့အမေနဲ့ အမြွှာအစ်မတွေနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။ သူ့ရဲ့အစ်ကိုကတော့ ငလျင်ကြောင့် သေဆုံးခဲ့ရပါတယ်။ တချို့အိမ်မွေးတိရစ္ဆာန်တွေကလည်း ငလျင်ကြောင့် အဆောက်အဦးပြိုပျက်မှုကနေ အသက်ရှင်လွှတ်မြောက်နိုင်ခဲ့ပါတယ်။ မီးသတ်သမားတွေက အီဒါကို တွေ့ရှိခဲ့တဲ့အဆောက်အဦးကနေ ကြောင် (၄) ကောင်ကို တွေ့ရှိခဲ့ရပါတယ်။ ငလျင်ကြောင့် အသက်ရှင်လွှတ်မြောက်ခဲ့သူတွေရှိပေမဲ့ မိသားစုတွေကို အကြီးအကျယ်ဖျက်စီးပစ်ခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ် သွားဆရာဝန်အကူ ရီဆင် အီမာ (Yesim Emir) ရဲ့ခန္ဓာကိုယ်ကိုလည်း တနင်္လာနေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့အမေကတော့ သူ့သမီးလေး အသက်ရှင်လျက်တွေ့ရှိမယ်လို့ မျှော်လင့်ထားခဲ့တာပါ။

ရှာဖွေကယ်ဆယ်ရေးအလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်း (၈၀၀၀) နဲ့ ကယ်ဆယ်ရေးခွေး (၂၅) ကောင်တို့က ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ခဲ့ကြပါတယ်။ လူ (၅၀၀၀) ကျော်ကလည်း အနည်းဆုံး အဆောက်အဦး (၅၈) ခု ပျက်စီးသွားတဲ့အတွက် မိုးကာတဲတွေမှာ နေထိုင်နေကြရပါတယ်။ မြို့နေပြည်သူတွေတော်တော်များများကလည်း သူတို့ရဲ့အိမ်ကို ပြန်သွားဖို့အရမ်းကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။

Ref: CBSNews “2nd little girl pulled alive from Turkey’s earthquake devastation”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top