အကိုးအကားပိုင်တဲ့ ယူကရိန်းသမ္မတ ဇီလင်စကီးရဲ့မိန့်ခွန်းများ

21-2-2022-yyl02.jpg

” ကျွန်တော်တို့က ရှင်သန်လိုပေမဲ့ အိမ်နီးချင်းတွေကတော့ ကျွန်တော်တို့ သေသွားတာ မြင်ချင်ကြတယ်” ။ ဒါက အစ္စရေးဝန်ကြီးချုပ်ဟောင်း ဂိုဒါမေယာရဲ့စကားပါ။ အစ္စရေးလွှတ်တော်ကို မိန့်ခွန်းပြောတော့ ယူကရိန်းသမ္မတ ဇီလင်စကီးက ဒီစကားကို ယူသုံးခဲ့တယ်။ ရုရှားရဲ့ ကျူးကျော်စစ် ရင်ဆိုင်ရချိန်မှာ အမေရိကန်က လေယာဉ်လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဇီလင်စကီးက ကိုယ်လွတ်မရုန်းခဲ့ဘူး။ သူ့ကိုကယ်တင်ပေးမယ့် လေယာဉ်မလိုဘူး၊ ရုရှားကို ပြန်တိုက်ဖို့ လက်နက်အကူအညီသာပေးလို့ တောင်းဆိုခဲ့တယ်။ ပြီးတော့ စစ်ပွဲထဲမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရှိနေခဲ့တယ်။

တချို့တွေကတော့ ဇီလင်စကီးကို သူတပါးပယောဂကြောင့် ကိုယ့်နိုင်ငံကို စတေးသူ၊ အမေရိကန် ကြိုးဆွဲရာ ကနေသူလို့ စွပ်စွဲကြတယ်။ ဒါပေမဲ့ စစ်ပွဲကာလမှာ ဇီလင်စကီးရဲ့ ရုန်းကန်၊ အားထုတ်၊ လေ့လာမှုတွေကတော့ မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး။ နိုင်ငံရေးလောကသား မဟုတ်ဘဲ အနုပညာလောကကနေ လာခဲ့တဲ့ ဇီလင်စကီးက ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ လွှတ်တော်တွေကို မိန့်ခွန်းပြောတဲ့အခါ အဲဒီနိုင်ငံတွေရဲ့ နောက်ခံရာဇဝင်ကို နှံ့နှံ့စပ်စပ် လေ့လာပြီး နားထောင်နေသူတွေစိတ်ထဲ ပြက်ကနဲ၊ လက်ကနဲ ထိသွားစေမယ့် စကားလုံးတွေကို ရွေးသုံးတယ်။

အမေရိကန်လွှတ်တော်ကို မိန့်ခွန်းပြောတော့ ရုရှားရဲ့ကျူးကျော်စစ် ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် နေ့စွဲတိုင်းက စက်တင်ဘာ ၁၁ ရက်လိုပါပဲလို့ ပြောတယ်။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုဆိုတာ အမေရိကန်နိုင်ငံသားအားလုံးရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ နေရာယူထားတဲ့ဖြစ်ရပ်ပါ။ ဗြိတိန်လွှတ်တော်ကို မိန့်ခွန်းပြောတော့လည်း နားထောင်နေတဲ့ အမတ်အားလုံးက မတ်တတ်ရပ် လက်ခုပ်တီးပြီး ဂုဏ်ပြုကြတယ်။ ဝင်စတန်ချာချီရဲ့ သမိုင်းဝင်မိန့်ခွန်းထဲက စကားတွေကို ရွေးသုံးသွားတာကိုး။

” ငါတို့က ဒီတိုက်ပွဲကို မလိုချင်ဘူး။ ငါတို့ပိုင်ဆိုင်ထားတဲ့ ငါတို့ရဲ့ ယူကရိန်းနိုင်ငံကိုလည်း မဆုံးရှုံးချင်ဘူး။ ဒီတော့ ငါတို့ကာကွယ်ရမယ်။ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေ တိုက်ခိုက်လာတော့ ခင်ဗျားတို့တွေ ဗြိတိန်နိုင်ငံကို ကာကွယ်ခဲ့သလိုပေါ့။ ငါတို့ အရှုံးမပေးဘူး။ ငါတို့ရှုံးမှာလည်း မဟုတ်ဘူး။ အဆုံးထိ တိုက်ပွဲဝင်သွားမယ်။ သစ်တောထဲဖြစ်ဖြစ်၊ လယ်ကွင်းထဲဖြစ်ဖြစ်၊ ကမ်းခြေမှာဖြစ်ဖြစ်၊ လမ်းပေါ်မှာဖြစ်ဖြစ် ငါတို့တိုက်ပွဲဝင်မယ်”လို့ သူက ပြောခဲ့တယ်။

ကနေဒါလွှတ်တော်ကျပြန်တော့ ” ရုရှားတွေက ဗန်ကူးဗားမြို့ကို ဝိုင်းထားပါပြီရဲ့။ တိုရွန်တိုမြို့က CN Tower လို သမိုင်းဝင်နေရာမျိုးကို ပြစ်မှတ်ထား တိုက်ခိုက်နေမယ်ဆိုရင် ကနေဒါနိုင်ငံသားတွေ ဘယ်လိုခံစားရမလဲ” လို့ မေးပြီး သမိုင်းဝင်နေရာတွေနဲ့ အညှာကိုင် ပြောသွားတယ်။

အခုနောက်ဆုံး အစ္စရေးလွှတ်တော်ကို မိန့်ခွန်းပြောတော့ ရုရှားကျူးကျော်စစ်မှာ အစ္စရေးရဲ့ ကြားနေလမ်းစဉ်ကိုပါ မေးခွန်းထုတ်သွားတယ်။ ရုရှားတွေရဲ့လုပ်ရပ်က နာဇီတွေလိုပဲ၊ ဒါတောင် အစ္စရေးနိုင်ငံက ယူကရိန်းအတွက် ဘာလို့ လက်နက်အထောက်အပံ့ မပေးတာလဲ၊ အနောက်အုပ်စုနဲ့အတူ ရပ်တည်ပြီး ရုရှားကို အရေးယူပိတ်ဆို့မှုမလုပ်တာ ဘာကြောင့်လဲတဲ့။ ” အစ္စရေးနိုင်ငံက ကမ္ဘာ့အကောင်းဆုံးလေကြောင်းကာကွယ်ရေးစနစ် ပိုင်ဆိုင်ထားတာပါ၊ ကျွန်တော်တို့ ပြည်သူတွေကို ကူညီပေးနိုင်စွမ်း ရှိပါတယ်။ ယူကရိန်းပြည်သူတွေကို အသက်ကယ်ပေးနိုင်စွမ်း ရှိပါတယ်”လို့ ဇီလင်စကီးက ပြောခဲ့တယ်။

အဲဒီမိန့်ခွန်းတွေကိုကြည့်ရင် စစ်ပွဲကာလအတွင်း နိုင်ငံကို စီမံခန့်ခွဲနေရချိန်မှာ ချက်ကောင်းကို တန်းပြောနိုင်ဖို့ ဇီလင်စကီး ဘယ်လောက်အထိ လေ့လာအားထုတ်ထားလဲဆိုတာ တွေ့ရမှာပါ။

Ref: BBC & Washingtonpost

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top