အိမ်နီးနားချင်းတွေလမ်းပေါ်တန်းစီကာကျေးဇူးတင်ခဲ့လို့ မျက်ရည်ကျခဲ့ရတဲ့ ပစ္စည်းပို့ကားသမား

22-12-2020-yyl17.jpg

UPS ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီရဲ့ ကားမောင်းသမားတစ်ဦးကတော့ ကပ်ရောဂါအတွင်း ဖော်ရွေပျူငှာစွာ၊ ပြုံးပျော်ရွှင်စွာနဲ့ ပစ္စည်းပို့ဆောင်ရေးတွေလုပ်ပေးခဲ့တဲ့အတွက် သူ့ရဲ့အိမ်နီးနားချင်းတွေ တန်းစီစုဝေးကာ ကျေးဇူးတင်တာကို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အန်တိုနီ ဂတ်စ်ကင် (Anthony Gaskin) ဆိုတဲ့ UPS ကားမောင်းသမားက ပစ္စည်းလိုက်ပို့နေတဲ့ လမ်းကြောင်းတစ်လျှောက်မှာ လူရာချီ တန်းစီနေပြီး သူ့နာမည်ကို အော်ဟစ်ကာ ကျေးဇူးတင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလူတွေကတော့ အန်တိုနီကို ဟီးရိုးအဖြစ် သတ်မှတ်ထားတဲ့ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့နေထိုင်သူတွေပါပဲ။

ရစ်ချ်မွန်မြို့နေသူတွေက ကပ်ရောဂါအတွင်း သူတို့အတွက် အန်တိုနီ လုပ်ပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ အခုလိုတန်းစီကာ သူ့နာမည်ကို အော်နေခဲ့ကြတာပါ။ အဲဒီလူအုပ်စုကို ပတ်တီ ဖရက်မန်း ဆိုတဲ့အမျိုးသမီးက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်အတွင်း အန်တိုနီက အလုပ်တွေလုပ်ပြီး သူတို့ရဲ့တံခါးပေါက်ရှေ့ ပါဆယ်ထုပ်တွေကို ပို့ဆောင်ပေးခဲ့တာ ဒီနေ့အထိဆိုရင် အကြိမ် (၁၈၀) ကျော်ပြီလို့ ပတ်တီက ဆိုပါတယ်။ ကပ်ရောဂါအတွင်း သူ ဒီကို ပြောင်းလာတဲ့အချိန်မှာလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုခံရသလိုခံစားရအောင် ကူညီပေးခဲ့တာတွေအတွက် သူ့ကို ကျေးဇူးတင်ချင်ခဲ့တာလို့ သူက ဆိုပါတယ်။ အခြားသူတွေကိုလည်း အန်တိုနီအကြောင်းပြောတော့ သူတစ်ယောက်တည်းမဟုတ်ဘူး၊ သူတို့လည်း ကျေးဇူးတင်ချင်တာကြောင့် အခုလိုကျေးဇူးတင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနေ့မှာ အန်တိုနီဟာ လူများစွာ တန်းစီနေပြီး ဆိုင်းဘုတ်တွေကိုင်ကာ သူ့နာမည်ကို အော်နေတာကို မြင်ရတော့ တအံ့တသြဖြစ်သွားခဲ့ရပါတယ်။ အဲဒီလူတွေထဲမှာ သူ့ရဲ့UPS ကြီးကြပ်ရေးမှူးတွေလည်း ပါဝင်ခဲ့ပြီး သူ့ရဲ့အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။ အန်တိုနီကတော့ သူတို့တွေကြောင့် မျက်ရည်တောင်ကျခဲ့ရပါတယ်။

အိမ်နီးချင်းတစ်ယောက်က “အန်တိုနီက ပစ္စည်းပို့ရင် ဂရုတစိုက်နဲ့ပို့ပေးတဲ့အပြင် အမြဲပြုံးပြီး နှုတ်ဆက်လေ့ရှိတယ်။ သူကို မြင်ရင် သူငယ်ချင်းတစ်ယောက်လို ခံစားမိစေတယ်။ သူ ပါဆယ်လာပို့တဲ့အချိန်တိုင်း ကျွန်တော်တို့ရဲ့နေ့ရက်ကို တောက်ပစေတယ်။ အခြားပစ္စည်းပို့ကားသမားတွေနဲ့မတူဘူး။ ကျွန်တော်တို့ သူ့ကို ချစ်ခင်ပါတယ်။ ဂုဏ်ပြုပါတယ် အန်တိုနီ” လို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့သမီးလေးဆို သူ့အဘိုးအဘွားတွေနဲ့ မတွေ့ရတာ ၁ နှစ်ကျော်ပြီး ဒါက လူတိုင်းကို အရမ်းခက်ခဲစေခဲ့တယ်။ အန်သိုနီက သူတို့ဆီကနေ ပါဆယ်ထုပ်တော်တော်များများကို လာပို့ပေးပါတယ်။ သူ ယူလာပေးတဲ့ ပါဆယ်ထုတ်တွေက ပျော်ရွှင်မှုတွေပေးစွမ်းပါတယ်။ ကြင်နာတဲ့အပြုံး၊ ဖော်ရွေတဲ့လက်ပြမှုတွေနဲ့ ပစ္စည်းတွေ လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ နောက်ထပ်အိမ်နီးနားချင်းတစ်ယောက်က ပြောပါတယ်။

Ref: CBSNews “UPS driver brought to tears when hundreds of neighbors thank him for his work during the pandemic”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top