COVAX အဖွဲ့က မြန်မာနိုင်ငံအပါအဝင် ဝင်ငွေနည်းနိုင်ငံ ၉၂ နိုင်ငံအတွက် ကာကွယ်ဆေး ၁.၃ ဘီလျံ ဖြန့်ဖြူးပေးမယ်

22-12-2020-yyl22.jpg

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ COVAX အဖွဲ့မှာ ပါဝင်နေတဲ့ နိုင်ငံ ၁၉၀ အတွက် လာမယ့်နှစ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလျံနီးပါး ဖြန့်ဖြူးပေးဖို့ သေချာသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ လာမယ့်နှစ် ပထမသုံးလပတ်အတွင်း( ဇန်နဝါရီလမှ မတ်လ) ကာကွယ်ဆေးတွေ ဖြန့်ဖြူးပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ကာကွယ်ဆေးကုမ္ပဏီတွေရဲ့ အရာရှိတွေက ပြောပါတယ်။

ကာကွယ်ဆေး ၂ ဘီလျံနီးပါးထဲမှာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံ ၉၂ နိုင်ငံအတွက် အနည်းဆုံး ကာကွယ်ဆေး ၁.၃ ဘီလျံရရှိမယ်လို့ COVAX အဖွဲ့က ပြောပါတယ်။ WHO ရဲ့ ကြေညာချက်ထဲမှာ AstraZeneca-Oxford ကာကွယ်ဆေး အဖုံရေ သန်း ၁၇၀၊ Johnson & Johnson ကုမ္ပဏီရဲ့ Janssen ကာကွယ်ဆေး သန်း ၅၀၀၊ Serum Institute of India ရဲ့ ကာကွယ်ဆေး သန်း ၂၀၀၊ ( နောက်ထပ် သန်း ၉၀၀ ဝယ်ယူဖို့ သဘောတူညီထား)၊ ပြင်သစ်ဆေးဝါးကုမ္ပဏီ Sanofiနဲ့ ဂျာမနီအခြေစိုက် ဆေးဝါးကုမ္ပဏီ GSK တို့ ပူးပေါင်းထုတ်လုပ်မယ့် ကာကွယ်ဆေး သန်း ၂၀၀ ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုထားတယ်လို့ ပါဝင်ပါတယ်။

COVAX အဖွဲ့ဟာ ၂၀၂၁ ခုနှစ်အကုန်မှာ ဝင်ငွေနည်းနိုင်ငံတွေရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး ထိုးနှံပြီးစီးဖို့ ပစ်မှတ်ထားနေပါတယ်။ ကာကွယ်ဆေး ဖြန့်ဖြူးမှုကတော့ ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်၊ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အသင့်ဖြစ်မှုအပေါ် မူတည်ပြီး အချိန်ကွာခြားမှာပါ။

COVAX အဖွဲ့ရဲ့ ရည်မှန်းချက် ပြည့်ဝဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံ လိုအပ်တယ်လို့ WHO က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း နော်ဝေ၊ ကနေဒါ၊ ကူဝိတ်၊ ဒိန်းမတ်၊ နယူးဇီလန်၊ နယ်သာလန်၊ အက်စ်တိုးနီးယား၊ King Salman Humanitarian Aid and Relief Centers၊ Team Europe တို့က ရန်ပုံငွေတွေ ထည့်ဝင်မယ်လို့ ကတိပြုခဲ့ကြပြီး ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၄ ဘီလျံ ရှိနေပါပြီ။

COVAX အဖွဲ့ဟာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ထိုးနှံပေးနေတဲ့ Pfizer and BioNTech ကာကွယ်ဆေး၊ အမေရိကန်နိုင်ငံမှာ ခွင့်ပြုချက်ရထားတဲ့ Moderna ကာကွယ်ဆေးတွေကိုတော့ ဝယ်ယူဖို့ သဘောတူညီချက် မရသေးပါဘူး။

Ref: VOA & Cidrap ” New COVAX agreements renew vaccine hopes for developing countries”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top