စားသောက်ဆိုင်မှာ တောက်တိုမယ်ရလုပ်ရတဲ့ဘဝကနေ ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံး ဖြစ်လာသူ တွမ်ခရုစ်

8-6-2022-yyl17.jpg

တွမ်ခရုစ်ရဲ့ Top Gun 2 ဇာတ်ကားကတော့ ပထမဆုံး ရုံတင်တဲ့ ၁၀ ရက်အတွင်းမှာပဲ ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၅၅၇.၂ သန်း ရရှိခဲ့ပြီး တွမ်ခရုစ် ရိုက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာ ရုံဝင်ကြေးအများဆုံး စံချိန်တင်ဖို့ တာဆူနေပါပြီ။ ဒီဇာတ်ကားအတွက် သန်း ၁၇၀ ရင်းထားရတာဆိုတော့ ၁၀ ရက်တည်းနဲ့ အမြတ်ထွက်နေပြီး တွမ်ခရုစ်ကလည်း ဒေါ်လာသန်း ၁၀၀ ကနေ ၂၀၀ ကြား ရဖွယ် ရှိပါတယ်။

တွမ်ခရုစ်က ဒီဇာတ်ကားအတွက် သရုပ်ဆောင်ကြေး ၁၃ သန်းအပြင် အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြား ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် တွမ်ခရုစ်ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုကလည်း ဒေါ်လာသန်း ၆၀၀ ကျော် ရှိလာတော့မှာပါ။ဒီနေ့အချိန်မှာ တွမ်ခရုစ်က ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံးမင်းသားတစ်လက် ဖြစ်နေပေမဲ့ သူ့ရဲ့ငယ်ဘဝကတော့ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူတို့မိသားစုက ဆင်းရဲနွမ်းပါးပြီး သူ့အဖေကလည်း ထစ်ခနဲရှိ ရိုက်ဟယ်၊ ပုတ်ဟယ် လုပ်တတ်သူပါ။ မောင်နှမ ၄ ယောက်ထဲမှာ တွမ်ခရုစ် တစ်ယောက်တည်း ယောကျာ်းလေး ပါတာပါ။

၇ နှစ်သားအရွယ်မှာ စာဖတ်ရခက်တဲ့ရောဂါ (dyslexia) ခံစားခဲ့ရတယ်။ စာလုံးတွေနဲ့ သက်ဆိုင်ရာအသံတွေကို တွဲမှတ်နိုင်စွမ်းမရှိလို့ စာသင်ရတာ သူ့အတွက် ခက်ခဲခဲ့ပါတယ်။ သူ့မှာ ဒီရောဂါ ဖြစ်နေတယ်ဆိုတာ သူငယ်ချင်းတွေ မသိအောင်လည်း တွမ်ခရုစ်က ဖုံးကွယ်ထားခဲ့ရတာပါ။ ငယ်စဉ်ကတည်းက ဒီရောဂါ ခံစားခဲ့ရလို့ တွမ်ခရုစ်က အစောပိုင်းဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့အခါ Dialogue တွေကို စာရွက်ကိုင်ပြီး ပြောလေ့မရှိပါဘူး။

တွမ်ခရုစ် ၁၂ နှစ်သားအရွယ်မှာတော့ သူ့အဖေကို စိတ်ကုန်လွန်းနေတဲ့ သူ့အမေက သူတို့မောင်နှမ ၄ ယောက်ကိုခေါ်ပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့ပါတယ်။ တွမ်ခရုစ်တို့ မောင်နှမ ၄ ယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့ သူ့အမေက အလုပ် ၃ ခုလောက် လုပ်ရပါတယ်။ တစ်နေ့မှာတော့ ချော်လဲရာကနေ ခါးဆစ်လွဲသွားလို့ သူ့အမေ ၈ လလောက် အိပ်ရာပေါ် လဲခဲ့ပြီး တွမ်ခရုစ်က မိသားစုတာဝန်ယူခဲ့ရပါတယ်။

တွမ်ခရုစ်က သူ့မိသားစုကို ဆင်းရဲတွင်းထဲကနေ ဆွဲထုတ်ဖို့ အစဉ်အမြဲ ရည်မှန်းထားသူပါ။ သူ့ရဲ့အိပ်မက်ကတော့ ဖျော်ဖြေသူကောင်း တစ်ယောက် ဖြစ်လာဖို့ပါပဲ။ ၁၈ နှစ်သားအရွယ်မှာတော့ အမေနဲ့ ပထွေးက အားပေးလို့ အနုပညာလောကထဲ ဝင်ရောက်ဖို့ နယူးယော့ခ်မြို့ကို သူ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေး ဖြေရှင်းဖို့အတွက် နယူးယော့ခ်မြို့ စားသောက်ဆိုင်မှာ စားပွဲခုံသုတ်ပြီး တောက်တိုမယ်ရ ဝင်လုပ်ခဲ့ရတာပါ။

အဲဒီနောက်မှာမှ လော့စ်အိန်ဂျလိစ်အခြေစိုက် အနုပညာအေဂျင်စီ (CAA) နဲ့ စာချုပ်ချုပ်ပြီး သရုပ်ဆောင်သူ ဖြစ်လာခဲ့တာပါ။ Endless Love မှာ တစ်ခန်းစ၊ နှစ်ခန်းစ စတင်ပါဝင်ခွင့်ရခဲ့ပြီး Taps ၊ The Outsiders၊ All the Right Moves၊ Risky Business စတဲ့ ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ကို နာမည်ကျော်ဖြစ်စေခဲ့တာကတော့ ၁၉၈၆ ခုနှစ်က ဖြန့်ချိခဲ့တဲ့ Top Gun ဇာတ်ကားပါပဲ။ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တဲ့ အဲဒီဇာတ်ကားဟာ ရုံဝင်ကြေး ဒေါ်လာ ၃၅၃ သန်းကျော် ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

တွမ်ခရုစ်ရိုက်တဲ့ ဇာတ်ကားတွေဟာ ဝင်ငွေတော်တော်ကောင်းခဲ့ပြီး သူ့ဇာတ်ကားတွေရဲ့ ဝင်ငွေစုစုပေါင်းက ဒေါ်လာ ၁၀ ဘီလျံကျော်အထိ ရှိခဲ့ပါတယ်။ တွမ်ခရုစ်ကလည်း Mission: Impossible ဇာတ်ကား ၆ ကားကနေ ဒေါ်လာသန်း ၃၀၀ ကျော် ရရှိခဲ့ပါတယ်။ တွမ်ခရုစ်ရဲ့ ဇာတ်ကားတွေက ဝင်ငွေကောင်းပေမဲ့ အံ့အားသင့်စရာကောင်းတာကတော့ အခုချိန်အထိ သူက အော်စကာဆု မရခဲ့ဖူးပါဘူး။ စစ်ဆန့်ကျင်ရေးဇာတ်ကား Born on the Fourth of July ၊ အချစ်ဟာသဇာတ်ကား Jerry Maguire တို့နဲ့အတူ အကောင်းဆုံးမင်းသားဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပေမဲ့ ဆုမရခဲ့သလို Magnoliaဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့ဆု ဆန်ခါတင်စာရင်း ဝင်ခဲ့ပြန်တော့လည်း ဆုမရခဲ့ပါဘူး။

ဒါပေမဲ့ သူက အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကား ၃ ကားနဲ့အတူ ရွှေကမ္ဘာလုံးဆု ၃ ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အော်စကာဆုမရဖူးပေမဲ့ တွမ်ခရုစ်ကတော့ ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံး ကြယ်တစ်ပွင့်ပါပဲ။ လောကဓံ ထိုးနှက်ချက်တွေ ကြုံရပေမဲ့ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ တွမ်ခရုစ်ရဲ့ လက်သုံးစကားကတော့ ” ဒီကမ္ဘာကြီးမှာ ခင်ဗျား မျှော်လင့်ခွင့်ရှိတဲ့အရာလည်း မရှိဘူး။ ခင်ဗျားနဲ့ ထိုက်တန်တယ်ဆိုတဲ့အရာလည်း မရှိဘူး။ ခင်ဗျား လုပ်ယူဖန်တီးရမယ့် အရာတွေပဲ ရှိပါတယ်” တဲ့။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top