စိတ်ရှည်သည်းခံမှုရဲ့အကျိုးကို ထိုက်ထိုက်တန်တန်ပြန်ခံစားခဲ့ရသူ

jackpot02.jpg

စိတ်ရှည်သည်းခံခြင်းက ကိုယ့်အတွက်အကျိုးအမြတ်ရနိုင်စေတယ် လို့ထင်မိပါသလား…ဒါမှမဟုတ် ကိုယ်တွေ့ကြုံခဲ့&ဖူးပါသလား။ ကနေဒါနိုင်ငံသားတစ်ဦးကတော့ သူ့ရဲ့ နှစ်ပေါင်းများစွာ ဇွဲရှိ စိတ်ရှည်ခဲ့မှုရဲ့အကျိုးကို ထူးထူးခြားခြား ပြန်ခံစားခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မနက်ခင်းမှာ ဘွန် ထရောင် (Bon Truong) က သူအမြဲကံစမ်းလေ့ရှိတဲ့ Lotto Max jackpot ပေါက်ဂဏန်းကြေညာမှုကိုကြည့်နေခဲ့ပါတယ်။ ကြည့်နေတုန်း ဒေါ်လာသန်း (၆၀) ဆုကြေးရဲ့ ပေါက်ဂဏန်းနံပါတ်ဟာ သူကံစမ်းထားတဲ့နံပါတ်ဖြစ်နေတာ တွေ့လိုက်ရပါတယ်။

သူက ပေါက်ဂဏန်းနံပါတ်ကိုမှတ်လိုက်ပြီး စတိုးဆိုင်တစ်ဆိုင်မှာ ပရင့်တ်သွားထုတ်လိုက်ပါတယ်။ အဲဒီနောက် အိမ်ကိုပြန်လာပြီး စာရွက်ကနံပါတ်နဲ့ ပေါက်ဂဏန်းစာရင်းထဲကနံပါတ် တူတာသေချာအောင် အခါခါပြန်တိုက်ကြည့်ပါတော့တယ်။ Truong ရဲ့ ဒေါ်လာသန်း (၆၀) ပေါက်ဂဏန်းနံပါတ်က 2, 3, 4, 8, 9, 20 နဲ့ 30 ဖြစ်ပြီး ဒီနံပါတ်တွေက သူ့မိသားစုဝင်တွေရဲ့မွေးနေ့နဲ့ အမှတ်တရဂဏန်းတွေဖြစ်ပါတယ်။

တကယ်ကံထူးတယ် လို့ သေချာသွားတော့လည်း Truong က ဆုကြေးကို ချက်ချင်းသွားမထုတ်ခဲ့ပါဘူး။ သူကံထူးတဲ့ဆုကြေးပမာဏကို သူ့ဘာသာအံ့အားသင့်ပြီး မယုံနိုင်ဖြစ်နေခဲ့တာကြောင့် (၁၀) လလောက်နေပြီးမှပဲ လာထုတ်ခဲ့တာပါ။

“ပထမဆုံးတွေးလိုက်မိတာက ဘယ်အရာကိုမဆို ငါပိုင်ဆိုင်ခွင့်ရနိုင်ပြီ ဆိုတာပါ။ အဲဒီလိုတွေးရင်းနဲ့ ကျွန်တော်သိပ်ပျော်နေမိခဲ့တယ်” လို့ Truong ကပြောပြခဲ့ပြီး သူ ပထမဆုံး အကောင်အထည်ဖော်မယ့်အအစီအစဉ်တွေက အိမ်အသစ်တစ်လုံးဝယ်ဖို့နဲ့ မိသားစုအနာဂတ်အတွက် ရင်နှီးစုဆောင်းမှုတွေလုပ်ဖို့ဖြစ်ပါတယ်။

“ဒီဆုကြေးက ကျွန်တော့်မိသားစုရဲ့ဘဝအခြေအနေကို အများကြီးပြောင်းသွားစေတဲ့ပမာဏပါ။ ဘဝအသစ်နဲ့ နေထိုင်သွားဖို့အတွက်လည်း ကျွန်တော်တို့အားလုံး အဆင်သင့်ဖြစ်နေကြပါပြီ” လို့ က ဝမ်းပမ်းတသာပြောပြပါတယ်။

Alberta ရဲ့သမိုင်းမှာတော့ Truong က Lotto Max ဆုကြေးအများဆုံးကို တစ်ဦးတည်းကံထူးသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ၂၀၁၇ စက်တင်ဘာလတုန်းကလည်း အခုလို ဒေါ်လာသန်း (၆၀) ဆုကြေးကို လူနှစ်ဦးက Lotto Max jackpot ကနေ စပ်တူကံထူးခဲ့ကြဖူးပါတယ်။

အပေါ်မှာဖော်ပြခဲ့တာတွေထဲမှာ ထည့်မရေးဘဲတမင်ချန်ခဲ့တဲ့အချက်တစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ “အခုလို ဆုကြေး ဒေါ်လာ သန်း (၆၀) ကိုကံထူးသူမဖြစ်ခင်အထိ နှစ်ပေါင်း (၃၀) ကြာကာလမှာ Truong က နံပါတ်တစ်ခုတည်းနဲ့ပဲ ပုံမှန်ကံစမ်းခဲ့တယ်” ဆိုတာပါပဲ။

Ref: CNN “He played the same lottery numbers for 30 years and just won $60 million”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top