ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံ သေဆုံး

44437FEC00000578-4882778-Staff_at_the_Strait_Panda_Research_and_Exchange_Centre_put_flowe-a-45_1505381280289.jpg

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံမလေး ဘတ်စီ (Basi) ဟာ တရုတ်နိုင်ငံရဲ့ ပန်ဒါ လေ့လာရေးနဲ့ သုတေသနစခန်းမှာ ကွယ်လွန်သွားပါပြီ။ ဒီစခန်းမှာ သူမဟာ ၃၃နှစ် တိုင် နေထိုင်ခဲ့ပါတယ်။

သူမကို ချစ်ခင်ကြသူများစွာရှိပါတယ်။ ဘတ်စီဟာ ၂၀၁၇ခုနှစ် စက်တင်ဘာ ၁၃ရက်နေ့ မနက် ၈နာရီ မိနစ် ၅ဝမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၃၇နှစ် ရှိပါပြီ။ ဒါဟာ လူအသက်နဲ့ကြည့်မယ်ဆိုရင် အသက် ၁၀၀နေရတယ်လို့ ဆိုနိုင်ပါတယ်လို့ သူမရဲ့ ထိန်းသိမ်းသူများက ဆိုပါတယ်။

ဘတ်စီလေး အနှစ်သက်ဆုံး သစ်ပင်အောက်မှာ အဖြူရောင် နှင်းဆီပွင့်လေးတွေကို အသည်းပုံစံ ပုံဖော်ပေးထားပါတယ်။ သူမဟာ ပန်ပန် (Pan Pan)မျိုးနွယ် ရဲ့ မူလ ပန်ဒါတစ်ကောင်ဖြစ်ပြီး ပထမဆုံး ကျင်းပခဲ့တဲ့ အာစီယံ အားကစားပြိုင်ပွဲတွေမှာလည်း တရုတ်ပြည်ရဲ့ လာဘ်ကောင်လေး ဖြစ်ပါတယ်။ ဒီစခန်းကို ရောက်လာတဲ့ ပန်ဒါလေးတွေက ပုံမှန်အားဖြင့် အသက် ၂၀လောက်ထိ ရှင်သန်ကြပါတယ်။ ဘတ်စီကတော့ အသက်အကြီးဆုံးဖြစ်ပါတယ်။ ပန်ဒါဖွားဖွားပေါ့။ သူမဟာ အသက်ကြီးရောဂါ၊ နှလုံးနဲ့ ကျောက်ကပ် ချို့ယွင်းလာမှုတို့ကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

သူမဟာ ၁၉၉၀ အာဆီယံ အားကစား ပွဲတော်မှာ လူတွေကို စိတ်ခွန်အား အပေးနိုင်ဆုံး လာဘ်ကောင်လေး ဖြစ်ပါတယ်။ သူမဟာ စက်ဘီး ကောင်းကောင်း စီးတတ်ပြီး အရပ်နဲ့ညီအောင် နှိမ့်ပေးထားတဲ့ ဘတ်စကတ် ဘောကွင်းထဲကို ဝင်အောင်ပစ်နိုင်ပါတယ်။ အလေးတွေကိုလည်း အသာလေးမ နိုင်ပြီး ခန္ဓာကိုယ်ကို စီးဆောဘုတ်ပြားပေါ် ချိန်ညှိရင်း လက်ထဲမှာ ဘောလုံးလေး နှစ်လုံးကို ပြုတ်မကျအောင် ဆော့ကစား ပြနိုင်ပါတယ်။ ၁၉၈၇ခုနှစ် အမေရိကန်မှာ သူမခေတ္တရှိနေစဉ်က အမေရိကန်ပြည်သူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

“ဘတ်စီ မရှိတော့ပေမယ့် သူမရဲ့လှပတဲ့ ပုံရိပ်တွေနဲ့ သူမပေးခဲ့တဲ့ တွန်းအားတွေက ကျွန်မတို့ရဲ့ရင်ထဲ အမြဲ ရှင်သန်နေမှာပါ” လို့ ပန်ဒါစခန်းရဲ့ ဒါရိုက်တာ ချန်ယုခွန် (Chen Yucun)က ပြောပါတယ်။ ဘတ်စီရဲ့ မွေးနေ့ပွဲတိုင်းကို အားပါးတရ စည်စည်ကားကား ကျင်းပပေးခဲ့ကြပါတယ်။ သူမ အသက်၃၅နှစ် မွေးနေ့တုန်းကဆိုရင် နှစ်မီတာအမြင့်ရှိတဲ့ သူမရဲ့ ပုံစံတူ ကျောက်ရုပ်လေးကို စိုက်ထူပေးခဲ့ပါတယ်။ ၃၆နှစ် မွေးနေ့မှာ သရဖူလေး ဆောင်းပေးပြီး မွေးနေ့ကိတ်လေး လုပ်ပေးခဲ့ပါတယ်။

ဘတ်စီကို သူမ အသက်လေးနှစ်အရွယ်တုန်းက တရုတ်နိုင်ငံ အနောက် တောင်ပိုင်းပြည်နယ်တစ်ခုမှာ မြစ်ထဲကျလုနီး အခြေအနေက ကယ်တင် ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ဘတ်စီဟာ ဒီစခန်းမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့နာမည်ကိုတော့ သူမကို ရှာတွေ့တဲ့ တောင်ကြားလေးကို အမှီပြုပြီး ပေးထားတာဖြစ်ပါတယ်။

Ref: Telegraph: World’s oldest captive panda dies at ripe old age of 100 (in panda years)

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top