မလေးရှားနိုင်ငံက ၂၀၀၅ နောက်ပိုင်းမွေးဖွားသူတွေကို ဆေးလိပ်ဆေးရွက်ကြီးထုတ်ကုန်ဝယ်ယူခွင့် တားမြစ်သွားမယ်

30.1.2021yyl06.jpg

မလေးရှားအစိုးရက ၂၀၀၅ခုနှစ်နောက်ပိုင်းမွေးဖွားသူတိုင်းဆီ ဆေးလိပ်နဲ့အခြားဆေးရွက်ကြီးထုတ်ကုန်တွေရောင်းချမှု တားမြစ်သွားဖို့ စီစဥ်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ခါအီရီ ဂျာမာလုဒင် (Khairy Jamaluddin) ဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။ Free Malaysia Today သတင်းဌာနအရ တားမြစ်မယ့်ဆေးလိပ်၊ဆေးရွက်ကြီးထုတ်ကုန်တွေထဲမှာ Vapingနဲ့ အီး-စီးကရက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇန်နဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့၁၅၀ ကြိမ်မြောက် အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေး မှာ ခါအီရီက သူ့ရဲ့အစီအစဉ်ကို မျှဝေခဲ့တာပါ။ သူ့ရဲ့တွစ်တာအကောင့်မှာမျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာ မလေးရှားနိုင်ငံက ၂၀၀၅ ခုနှစ်နောက်ပိုင်းမွေးဖွားသူတိုင်းကို ဆေးလိပ်၊​ဆေးရွက်ကြီး​ထုတ်ကုန်တွေတရားမဝင်ရောင်းချနေတာကို တားမြစ်ခြင်းဖြင့် မျိုးဆက်သစ်တွေရဲ့ဆေးလိပ်သောက်ခြင်းကို အဆုံးသတ်မယ့် ဥပဒေကို အခုနှစ်ကုန်မှာ ​ချမှတ်ဖို့စီစဥ်နေတယ်လို့ ခါအီရီက ပြောခဲ့ပါတယ်။

တကယ်လို့ အခုနှစ်မှာ ဒီဥပဒေကိုချမှတ်ပြီး အကောင်ထည်ဖော်နိုင်ခဲ့ရင်၂၀၂၂ ခုနှစ်ကစပြီးအသက် ၁၇ နှစ်အောက်ကလေးတွေကို ဆေးလိပ်နဲ့အခြားဆေးရွက်ကြီးနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေကို ဝယ်ယူခွင့်ပြုမှာမဟုတ်ပါဘူး။ American Cancer Society နဲ့ Vital Strategies တို့ ပူးပေါင်းထုတ်ဝေတဲ့ Tobacco Atlas ရဲ့ အစီရင်ခံစာအရ နှစ်စဉ် မလေးရှားမှာ ဆေးရွက်ကြီးနဲ့ ဆက်နွှယ်တဲ့ရောဂါတွေကြောင့် သေဆုံးသူ ၂၇,၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အသက် ၁၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ ၄၅၂၈၀၀၀ ကျော်က တစ်နေ့ကို ဆေးရွက်ကြီးထွက်ထုတ်ကုန်တွေကို အသုံးပြုကြပြီး အသက် ၁၀ နှစ်ကနေ အသက် ၁၄ နှစ် ၄၄၀၀၀ခန့်ကလည်း အဲဒါတွေ အသုံးပြုကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
တားမြစ်ချက်က မကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ထိန်းချုပ်ခြင်းမှာ သိသိသာသာအကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ ခါအီရီက ပြောခဲ့ပါတယ်။ အခုလိုတားမြစ်မှုက မကြာသေးခင်က ၂၀၀၈ ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့သူတွေအတွက် ဆေးရွက်ကြီးထုတ်ကုန်ရောင်းချခြင်းတားမြစ်တယ်ဆိုတဲ့ နယူးဇီလန်ရဲ့ အစီအစဉ်နဲ့ ဆင်တူပါတယ်။

မလေးရှားနိုင်ငံတကာကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MICCI) ကတော့ ဒီတားမြစ်မှုက စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ပြောခဲ့ကြပါတယ်။ Free Malaysia Today ရဲ့အဆိုအရ တားမြစ်ပိတ်ပင်မှုဖြစ်ခဲ့ရင် ဆေးရွက်ကြီးထုတ်ကုန်တွေအတွက် ထိန်းချုပ်လို့မရနိုင်တဲ့ မှောင်ခိုဈေးကွက်ရှိလာနိုင်တယ်လို့ ကုန်သည်ကြီးတွေက ခန့်မှန်းခဲ့ကြတယ်လို့ သိရပါတယ်။

MICC ရဲ့အမှုဆောင်ဒါရိုက်တာ ရှောင် ချီယာချ် (Shaun Cheah) က စည်းကြပ်မှုမရှိဘဲ အန္တရာယ်များတဲ့ မှောင်ခိုဈေးကွက်ရင်းမြစ်တွေဆီ စားသုံးသူတွေကို တွန်းပို့စေမယ့်မူဝါဒသတ်မှတ်ခြင်းအပေါ် ကုန်သည်ကြီးတွေက ဝေဖန်ခဲ့တယ်လို့ ဆိုပါတယ်။ “မလေးရှားနိုင်ငံရဲ့ဆေးလိပ်ဆေးရွက်ကြီးမှောင်ခိုဈေးကွက်က လက်ရှိမှာ စုစုပေါင်းဆေးလိပ်ဆေးရွက်ကြီးဈေးကွက်ရဲ့၅၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး တရားမဝင်ဆေးလိပ်ရောင်းချတာအတွက် ကမ္ဘာ့နံပါတ်တစ်နိုင်ငံဖြစ်စေခဲ့ပါတယ်” လို့ MICCI က ပြောကြားခဲ့ပါတယ်။

၂၀၁၅ခုနှစ်က မလေးရှားနိုင်ငံမှာ အခွန်အကောက်တွေတိုးမြှင့်လာကတည်းက နိုင်ငံမှာ ရောင်းချခဲ့တဲ့ ဆေးလိပ် ၁၀ ထုပ်မှာ ၆ ထုပ်က တရားမဝင်အရင်းအမြစ်တွေက လာခဲ့တာဖြစ်တယ်လို့လည်း ရှောင် ချီယာချ်က ပြောကြားခဲ့ပါတယ်။

Ref: Mothership “M’sia will ban the sale of tobacco products to individuals born after 2005”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top