တရုတ် (တိုင်ပေ)ကို ကန်ဒေါ်လာ ၁.၈ ဘီလျံတန် စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

23-10-2020-yyl-017.jpg

အမေရိကန်နိုင်ငံက တရုတ်(တိုင်ပေ)ကို အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံ တန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ အတည်ပြုပေးလိုက်ပါပြီ။ ဒီလုပ်ရပ်က တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အရင်ကထက်ပိုပြီး တရုတ်(တိုင်ပေ)ထံ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးခဲ့တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ တရုတ်(တိုင်ပေ) အခြေစိုက် သတင်းထောက် စင်ဒီက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းရောင်းချရေးစာချုပ်မှာ ချိန်ကိုက်ခရုဇ်ဒုံးကျည် ၁၃၅ စင်း၊ အပေါ့စား ဒုံးပစ်လောင်ချာတွေ၊ တိုက်လေယာဉ်တွေမှာ တပ်ဆင်နိုင်တဲ့ ဝေဟင်ကင်းလှည့်စောင့်ကြည့်ရေးကိရိယာတွေ ပါဝင်နေပါတယ်။ တရုတ်(တိုင်ပေ)က ကိုယ့်ကိုယ်ကိုယ် လွတ်လပ်တဲ့ နိုင်ငံအဖြစ် ယူဆထားပေမဲ့ တရုတ်အစိုးရကတော့ တရုတ်(တိုင်ပေ)ကို သူတို့ရဲ့ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရနဲ့ တရုတ်(တိုင်ပေ)ကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံက လိုအပ်ရင် အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းအောင်လုပ်မလားဆိုတဲ့ မေးခွန်းကို ငြင်းဆန်ထားခြင်းမရှိပါဘူး။ တရုတ်နိုင်ငံက တရုတ် (တိုင်ပေ)ကို ကျူးကျော်ဖို့ အသင့်အနေအထားရှိပြီလို့ မထင်မိပေမဲ့ တရုတ် (တိုင်ပေ)အနေနဲ့ အနာဂတ်ကာလအတွက် ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်က ပြောပါတယ်။

အမေရိကန်နိုင်ငံကနေ ဝယ်ယူခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေက တရုတ်(တိုင်ပေ)အတွက် စိတ်ချယုံကြည်ရတဲ့ တိုက်ခိုက်နိုင်စွမ်း တည်ဆောက်ရေး၊ စစ်အင်အား ကွာဟချက်ဖြေလျှော့နိုင်အောင် တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ တရုတ် (တိုင်ပေ) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီလက်နက်ရောင်းချရေးစာချုပ်က အမေရိကန်-တရုတ် ဆက်ဆံရေးကို သိသိသာသာ သက်ရောက်မှုရှိစေနိုင်ပြီး လိုအပ်လာရင် တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်နိုင်ငံက တရုတ် (တိုင်ပေ)ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေပြီး သွယ်ဝိုက်တဲ့နည်းနဲ့ လုံခြုံရေးအာမခံချက်ပေးထားပေမဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံတွေလိုမျိုး တရားဝင်ကာကွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိပါဘူး။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top