အာမေးနီးယား-အဇာဘိုင်ဂျန်တိုက်ပွဲမှာ လူ ၅၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ရုရှားသမ္မတ ပူတင် ပြော

23-10-2020-yyl-013.jpg

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နာဂါနို-ကရာဘတ်ဒေသမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားလို့ လူ ၅၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ဒါဟာ နှစ်ဖက်လုံးက တရားဝင် ထုတ်ပြန်ထားတဲ့ သေဆုံးသူစာရင်းထက် ၅ ဆလောက် ပိုများနေပါတယ်။ ရုရှားနိုင်ငံဟာ အာမေးနီးယားနိုင်ငံနဲ့ စစ်ဘက်မဟာမိတ်ဖြစ်သလို စစ်တပ်အခြေစိုက်စခန်းလည်း ရှိပေမဲ့ အဇာဘိုင်ဂျန်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း နေ့တိုင်း ၂ ဖက်လုံးနဲ့ မပြတ်တမ်း ဆက်သွယ်ဆွေးနွေးခဲ့ပြီး ဒီတိုက်ပွဲမှာ ဘယ်ဘက်ကမှ ဝင်ပါမှာမဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။

” ၂ ဖက်လုံး အကျအဆုံး များပါတယ်။ တစ်ဖက်ကို ၂၀၀၀ ကျော် သေဆုံးခဲ့တယ်။ သေဆုံးသူ ၅၀၀၀ နီးပါးလောက် ရှိနေပါပြီ” လို့ ပူတင်က ရုပ်သံအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ နာဂါနို- ကရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံ ပိုင်နက်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယားတိုင်းရင်းသားတွေက ထိန်းချုပ်ထားတာပါ။ အဲဒီဒေသကြောင့် ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ၆ နှစ်ကြာ စစ်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့လမှာ စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကတော့ ၁၉၉၄ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုအရ လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ စာချုပ် စတင်အကျုံးဝင်ပြီး ၄ မိနစ်အကြာမှာပဲ ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲချက်တွေကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲပါပဲ။

တူရကီနိုင်ငံကတော့ ဒီတိုက်ပွဲမှာ အဇာဘိုင်ဂျန်ဘက်ကနေ ထောက်ခံအားပေးနေပြီး အဇာဘိုင်ဂျန်နိုင်ငံက တောင်းဆိုလာခဲ့ရင် စစ်သည်တွေ စေလွှတ်ပြီး စစ်ရေးအကူအညီပေးမယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံကတော့ ဒီပဋိပက္ခမှာ တူရကီနိုင်ငံနဲ့ သဘောထားချင်း မတူဘူးလို့ ပူတင်က ပြောပါတယ်။ ဒါပေမဲ့ တူရကီသမ္မတ အာဒိုဝမ်ဟာ သဘောထားပျော့ပျောင်းတဲ့ နိုင်ငံရေးသမားဖြစ်ပြီး ရုရှားနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ဦးလို့ ပူတင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ နာဂါနို-ကရာဘတ်ဒေသမှာ တိုက်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နိုင်ငံကလည်း ရုရှားနဲ့အတူ ပါဝင်ကူညီပေးဖို့ ပူတင်က တိုက်တွန်းထားပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အာမေးနီးယား၊ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးတွေကို ဝါရှင်တန်ဒီစီမှာ လက်ခံတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။

Ref: BBC ” Nagorno-Karabakh: Nearly 5,000 dead in conflict, Putin says”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top