ထိုင်းနိုင်ငံမှာ ဟိုတယ်မကောင်းကြောင်း မှတ်ချက်ရေးတဲ့ အမေရိကန်နိုင်ငံသား ထောင်ဒဏ်ချမှတ်ခံရမယ့်ဘေးက လွတ်မြောက်

9-10-2020-yyl-019.jpg

ထိုင်းနိုင်ငံမှာ ဟိုတယ်မကောင်းကြောင်း မှတ်ချက်ရေးခဲ့တဲ့ အမေရိကန်နိုင်ငံသားဟာ တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချမှတ်ခံရမယ့်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ အမေရိကန်နိုင်ငံသား ဝက်စ်လေဘန်းဟာ အခုနှစ်အစောပိုင်းက Sea View Resort ဟိုတယ်မှာ တည်းခိုခဲ့ပါတယ်။ သူဟာ ဟိုတယ်စားသောက်ဆိုင်မှာ ညစာစားနေတုန်း သူ့ရဲ့ကိုယ်ပိုင်အရက်ပုလင်း ယူသောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဟိုတယ်ဝန်ထမ်းတွေနဲ့ စကားများခဲ့ပါတယ်။ ဝက်စ်လေဘန်းက ဆူဆူညံညံလုပ်ပြီး ပုလင်းဝန်ဆောင်ခပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဟိုတယ်ဘက်က ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဟိုတယ်မန်နေဂျာက ကြားဝင်ဖျန်ဖြေပြီး ပုလင်းခကို လျှော်ပေးခဲ့ပါတယ်။

ဝက်စ်လေဘန်းဟာ ဟိုတယ်ကနေ ထွက်သွားပြီးနောက်မှာတော့ ဟိုတယ်မကောင်းကြောင်း မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။ TripAdvisor မှာ ရေးသားခဲ့တဲ့ (စည်းမျဉ်းချိုးဖောက်လို့ ဖော်ပြခြင်းမရှိ) မှတ်ချက်တစ်ခုမှာတော့ Sea View Resort ဟိုတယ်က မျက်မှောက်ခေတ် ကျွန်ပြုခိုင်းစေမှုတွေ လုပ်နေတယ်လို့ စွပ်စွဲခဲ့တာပါ။ အဲဒီနောက်မှာ Sea View Resort ဟိုတယ်က ဝက်စ်လေဘန်းကို အသရေဖျက်မှု ဆန့်ကျင်တားဆီးရေးဥပဒေများဖြင့် စွဲချက်တင်ခဲ့ပါတယ်။ ဝက်စ်လေဘန်းဟာ ဒီဖြစ်ရပ်ကြောင့် အလုပ်လည်း ဖြုတ်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ဝက်စ်လေဘန်းက Sea View Resort ဟိုတယ်နဲ့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကို ပြန်တောင်းပန်ပြီး ပြေငြိမ်းမှုရယူခဲ့လို့ သူ့အမှုကို ပြန်ရုပ်သိမ်းပေးခဲ့တာပါ။ ဝက်စ်လေဘန်းဟာ ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ အသရေဖျက်မှု ဆန့်ကျင်တားဆီးရေးဥပဒေတွေနဲ့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဆိုးဆိုးရွားရွား ထိခိုက်နေချိန်မှာ ဝက်စ်လေဘန်းရဲ့ မှတ်ချက်တွေက အလွန်ထိခိုက်နစ်နာစေတယ်လို့ Sea View Resort ဟိုတယ်က ပြောပါတယ်။

Ref: BBC ” US man avoids jail in Thailand over bad resort review”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top