ဒေါ်နယ်ထရမ့်ရဲ့ ကုသမှုတွေပြီးမြောက်၊ အားလပ်ရက်မှာ နိုင်ငံရေးစုဝေးပွဲ ကျင်းပဖွယ် ရှိ

9-10-2020-yyl-017.jpg

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အတွက် ကုသမှုတွေ ပြီးမြောက်သွားခဲ့ပြီဖြစ်လို့ သူ့အနေနဲ့ အခုအားလပ်ရက်မှာ အများပြည်သူနဲ့ ထိတွေ့ခွင့်ရရှိတော့မယ်လို့ သမားတော် ရှောင်ကွန်လေက ပြောပါတယ်။အောက်တိုဘာလ ၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ဝေါ်တာရိဒ်စစ်ဆေးရုံမှာ ၃ ညကြာ ကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံက ပြန်ဆင်းခွင့်ရရှိခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့နှောင်းပိုင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးဖွယ်ရှိပြီး လာမယ့်အားလပ်ရက်မှာ နိုင်ငံရေးစုဝေးပွဲ ကျင်းပနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့်ကြာသပတေးနေ့မှာ သမ္မတရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်နဲ့ ဒုတိယမြောက်စကားရည်လုပွဲလုပ်မယ့် အစီအစဉ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိလို့ အွန်လိုင်းစကားရည်လုပွဲလုပ်ရလိမ့်မယ်လို့ စီစဉ်ကျင်းပသူတွေက ဆိုပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ အွန်လိုင်းစကားရည်လုပွဲအတွက် အချိန်ကုန်မခံနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နောက်ထပ်စကားရည်လုပွဲ ၂ ပွဲကို ဘယ်အချိန်မှာ ဘယ်လိုကျင်းပမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ဒေါ်နယ်ထရမ့်က စက္ကန့်တိုင်း စိတ်ပြောင်းနေတဲ့သူလို့ ဂျိုးဘိုင်ဒင်က မှတ်ချက်ပေးခဲ့ပြီး သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့ကတော့ ဒေါ်နယ်ထရမ့်ဟာ မဲဆန္ဒရှင်တွေရဲ့ မေးခွန်းတွေကို မဖြေချင်တာ ထင်ရှားတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ပထမဆုံးကျင်းပခဲ့တဲ့ စကားရည်လုပွဲမှာ စည်းမျဉ်းချိုးဖောက်မှုတွေ၊ စကားဖြတ်ပြောမှုတွေ၊ ပုတ်ခတ်စော်ကားမှုတွေ ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး အခုနောက်ဆုံး သဘောထားအမြင်ကောက်ခံမှုအရ သမ္မတရာထူးကို အဆုံးအဖြတ်ပေးမယ့် အဓိကပြည်နယ်တချို့မှာ ဂျိုးဘိုင်ဒင်က ဂဏန်းတစ်လုံးစာလောက် အသာရနေတာ တွေ့ရပါတယ်။ လက်ရှိအချိန်အထိ ကြိုတင်မဲပေးမှု ၆ သန်း ရှိနေတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

Ref: US election 2020: Trump ready to return to public events, says doctor

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top