မြန်မာစစ်အာဏာသိမ်းမှုအပေါ် အရေးယူဆောင်ရွက်မှုတွေကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် ကြေညာ

11-2-2021-yyl-33.jpg

“အာဏာသိမ်းခေါင်းဆောင်တွေအပေါ် နောက်ဆက်တွဲအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မယ့် အရေးယူဆောင်ရွက်မှုအစီအစဉ်တွေကို ဒီနေ့ ကျွန်တော်ကြေညာပါမယ်။ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ရန်ပုံငွေ ဒေါ်လာ တစ် ဘီလျံကို စစ်ဗိုလ်ချုပ်တွေတရားနည်းလမ်းမကျရယူမှုကနေ တားဆီးဟန့်တားသွားဖို့ အမေရိကန်အစိုးရကဆောင်ရွက်နေပါပြီ။

အာဏာသိမ်းဖို့ညွှန်ကြားတဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအပြင် သူတို့ရဲ့ အနီးကပ်မီသားစုဝင်တွေကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့နိုင်မယ့် သမ္မတအမိန့်အသစ်တစ်ရပ်ကို ကျွန်တော်ဒီနေ့ပဲ ခွင့်ပြုလိုက်ပါပြီ။ ပစ်မှတ်ထားအရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ပထမအသုတ်စာရင်းကို ဒီသီတင်းပတ်ထဲမှာထုတ်ပြန်သွားပါမယ်။ ဒါ့အပြင် ပို့ကုန်တွေထိန်းချုပ်မှုဆိုင်ရာခိုင်မာတဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကိုလည်းချမှတ်သွားမှာဖြစ်ပါတယ်။

မြန်မာအစိုးရအကျိုးရှိစေမယ့်ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်ထားမှာဖြစ်ပြီး မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေမယ့် ကျန်းမာရေးစောင့်ရှောက်မှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အခြားသောကဏ္ဍတွေအတွက် ဆက်လက်ပြီးအကူအညီတွေပေးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဆန္ဒပြမှုတွေပိုပြီးများပြားလာနေတာနဲ့အမျှ သူတို့ရဲ့ ဒီမိုကရက်တစ်အခွင့်အရေးကို ပြတ်ပြတ်သားသားတောင်းဆိုနေကြတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တာ လက်မခံနိုင်သလို အကြမ်းဖက်ခြင်းကနေရှောင်ရှားဖို့အတွက်လည်း ဆက်လက်တောင်းဆိုနေမှာဖြစ်ပါတယ်။

မြန်မာပြည်သူလူထုဟာ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို အများသိအောင်တောင်းဆိုနေတာဖြစ်ပြီး ကမ္ဘာကလည်း စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ထပ်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ ချမှတ်လုပ်ဆောင်ဖို့ အသင့်ဖြစ်နေပြီး ဒီလိုကြိုးပမ်းအားထုတ်မှုမှာတစ်ခြားနိုင်ငံတွေပါဝင်လာဖို့ကိုလည်း ကျွန်တော်တို့ရဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” သမ္မတ ဂျိုးဘိုင်ဒင်

Ref & Photo – US Embassy Rangoon

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top