၁၈ နှစ်ကြာသမိုင်းမှာ ပထမဆုံးအကြိမ် နေ့စဉ်အသုံးပြုသူ ကျဆင်းခဲ့တဲ့ ဖေ့ဘွတ်ခ်

30.1.2021yyl40.jpg

ဖေ့ဘွတ်ခ်လူမှုကွန်ရက်ဟာ ၁၈ နှစ်ကြာမြင့်တဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နေ့စဉ်အသုံးပြုသူပမာဏ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ၃ လပတ်အတွင်း နေ့စဉ်အသုံးပြုသူ ၁.၉၂၉ ဘီလျံရှိခဲ့ပြီး ယခင် ၃ လပတ် ( နေ့စဉ်အသုံးပြုသူ ၁.၉၃၀ ဘီလျံရှိ)ထက် လျော့ကျသွားခဲ့တာပါ။

ကြော်ငြာထည့်သွင်းသူတွေက အသုံးစရိတ်လျှော့ချနေချိန်မှာ ဖေ့ဘွတ်ခ်အနေနဲ့ TikTok ၊ YouTube အစရှိတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နေရလို့ ဝင်ငွေတိုးတက်မှုနှုန်း နှေးကွေးလာတယ်လို့ ဖေ့ဘွတ်ခ်က ဆိုပါတယ်။ ဖေ့ဘွတ်ခ်ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Meta Networks ရဲ့ ရှယ်ယာတန်ဖိုးကလည်း နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်မှာ ၂၀ ရာခိုင်နှုန်းကျော် ထိုးကျသွားခဲ့ပါတယ်။ အဲဒီလို ကျဆင်းမှုကြောင့် Meta Networks ကုမ္ပဏီရဲ့စတော့ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံဝန်းကျင် ကျဆင်းသွားခဲ့ပါတယ်။ နယူးယော့ခ်စတော့ ရှယ်ယာဈေးကွက်မှာ Twitter ၊ Snap နဲ့ Pinterest လူမှုကွန်ရက်တွေရဲ့ ရှယ်ယာတန်ဖိုးတွေလည်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။

လူငယ်ပရိသတ်တွေက ပြိုင်ဘက်လူမှုကွန်ရက်တွေဆီ ရောက်ရှိသွားလို့ ဖေ့ဘွတ်ခ်ရဲ့ရောင်းအားတိုးတက်မှုနှုန်း ထိခိုက်ခဲ့ရတာဖြစ်တယ်လို့ ဖေ့ဘွတ်ခ်အမှုဆောင်ချုပ် မက်ခ်ဇူကာဘတ်က ပြောပါတယ်။ Apple ရဲ့ operating system မှာ ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ အပြောင်းအလဲ တွေကလည်း ဖေ့ဘွတ်ခ်ကို ထိခိုက်စေခဲ့တယ်လို့ Meta Networks ကုမ္ပဏီက ပြောပါတယ်။ အဲဒီပြောင်းလဲမှုကြောင့် ကုမ္ပဏီတွေဟာ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်လူမှုကွန်ရက်ပေါ်မှာ ပစ်မှတ်ထား ကြော်ငြာဖို့၊ ဒေတာကောက်ယူဖို့ ပိုခက်ခဲစေခဲ့တာပါ။


Meta Networks ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် နောက်ဆုံး ၃ လပတ်အတွင်း စုစုပေါင်းဝင်ငွေ ဒေါ်လာ ၃၃.၆၇ ဘီလျံရရှိခဲ့ပြီး ဈေးကွက်ခန့်မှန်းချက်ထက်တော့ အနည်းငယ်သာလွန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ၃ လပတ်မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇ ဘီလျံကနေ ၂၉ ဘီလျံကြားပဲ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဖေ့ဘွတ်ခ်ဟာ တရုတ်ကုမ္ပဏီ ByteDance ရဲ့ TikTok လူမှုကွန်ရက်နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဗီဒီယိုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပြီး ဖေ့ဘွတ်ခ်၊ အင်စတာဂရမ် ပလက်ဖောင်းတွေပေါ်က ကြော်ငြာစရိတ်ထက် ပိုလျှော့ပေးထားပါတယ်။ Meta Networks ကုမ္ပဏီ အမှုဆောင်ချုပ် ဇူကာဘတ်ကတော့ ဗီဒီယိုနဲ့ ပုံရိပ်ယောင်နည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုတွေက အကျိုးကျေးဇူး ခံစားရလိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

Ref: BBC “Facebook: Daily active users fall for first time in 18-year history”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top