ထိုက်သင့်တဲ့ပံ့ပိုးမှုရရင် ရုရှားကို ယူကရိန်း အနိုင်တိုက်နိုင်စွမ်းရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

26-4-2022-yyl-04.jpg

ယူကရိန်းက ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေရရင် ရုရှားကျူးကျော်စစ်ကို အနိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ယူကရိန်းခရီးစဉ်မှာ ပြောခဲ့ပါတယ်။ လွိုက်ဒ်အော်စတင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်တို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတဇီလင်စကီးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ လမှာ ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံထံ အမေရိကန်နိုင်ငံရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်တွေ လာရောက်တဲ့ခရီးစဉ် ဖြစ်ပါတယ်။

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့တောင်ပိုင်းကို စစ်ရေးလှုပ်ရှားမှု တိုးမြှင့်နေချိန်မှာ လွိုက်ဒ်အော်စတင်နဲ့ အန်သိုနီဘလင်ကန်တို့ ယူကရိန်းကို ရောက်ရှိလာတာဖြစ်ပြီး ယူကရိန်းသမ္မတ ဇီလင်စကီးနဲ့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှား ရှုံးနိမ့်ခဲ့ရင် ရုရှားခေါင်းဆောင်တွေအနေနဲ့ တခြားနိုင်ငံတွေကို ယူကရိန်းမှာ လုပ်သလိုမျိုး လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ လွိုက်ဒ်အော်စတင်က ဆိုပါတယ်။ ” ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲချိန်မှာ လုပ်ခဲ့သလိုမျိုး ထပ်မလုပ်နိုင်လောက်တဲ့အထိ ရုရှားနိုင်ငံ အားနည်းသွားတာကို အမေရိကန်က မြင်ချင်ပါတယ်” လို့ (ယူကရိန်းမှအပြန်) ပိုလန်နိုင်ငံ သတင်းစာရှင်းလင်းပွဲမှာ လွိုက်ဒ်အော်စတင်က ပြောခဲ့တာပါ။

အမေရိကန်က ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၇၁၃ သန်းဖိုး တန်ကြေးရှိတဲ့ စစ်ရေးအထောက်အပံ့တွေ ထပ်မံပေးအပ်သွားမယ်လို့လည်း လွိုက်ဒ်အော်စတင်က ကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၃၂ သန်းဖိုး စစ်ရေးအထောက်အပံ့ ပေးအပ်မှာ ဖြစ်ပါတယ်။ ရုရှားက ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံအတွက် အမေရိကန်ရဲ့ လုံခြုံရေးထောက်ပံ့မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၇ ဘီလျံကျော် ရှိလာခဲ့ပါပြီ။

လွိုက်ဒ်အော်စတင်က အခုလို ပြောခဲ့ပြီးနောက်မှာတော့ အနောက်အုပ်စုက ရုရှားလူ့အဖွဲ့အစည်း ၂ ခြမ်းကွဲအောင်၊ ရုရှားနိုင်ငံကို အတွင်းလှိုက် ဖျက်စီးနိုင်အောင် ကြိုးပမ်းနေတယ်လို့ ရုရှားသမ္မတ ပူတင်က တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ယူကရိန်းအတွက် လက်နက်ထောက်ပံ့နေမှုကို အဆုံးသတ်ဖို့ ရုရှားအစိုးရက သံတမန်ရေးရာ စာရေးသားတောင်းဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ပြောပါတယ်။

ယူကရိန်းစစ်သည်တွေအတွက် ဟောင်ဝစ်ဇာအမြောက်နဲ့ ဒုံးရှာရေဒါစနစ်တွေ ပထမဆုံးအကြိမ် ပံ့ပိုးပေးခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်မှာ အမေရိကန်က အတည်ပြုခဲ့ပါတယ်။ လာမယ့်တစ်ပတ်ကစပြီး ယူကရိန်းနိုင်ငံကို အမေရိကန်သံအဖွဲ့ဝင်တွေ ပြန်လာတော့မှာဖြစ်ပြီး ကနဦး လိဗ်မြို့မှာ အခြေစိုက်မှာဖြစ်ပေမဲ့ နောက်ပိုင်းကျရင် ကိဗ်မြို့မှာ သံရုံးပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ဆိုပါတယ်။

Ref: BBC “Ukraine war: US wants to see a weakened Russia”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top