ကြော်ငြာကမ်ပိန်းအတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ ကြော်ငြာဓာတ်ပုံရိုက်ကူးဖန်တီးခဲ့သူ

24-9-2020-yyl-024.jpg

ထိုးထွင်းသိမြင်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းတွေက ကုန်ကျစရိတ် အသက်သာဆုံးဆိုတာကို လူမှုကွန်ယက်ပေါ်က လူတွေက ထပ်ပြီး သက်သေပြလိုက်ပြန်ပါပြီ။ နိုင်ဂျီးရီးယားနိုင်ငံက ဒီလူငယ်လေးကတော့ အဲဒါရဲ့သာဓကပါပဲ။ သူက သူ့ရဲ့တီထွင်နိုင်စွမ်းနဲ့အတူ ဈေးမကြီးတဲ့ပစ္စည်းတွေ ပေါင်းစပ်ကာ ကြော်ငြာကမ်ပိန်းအတွက် ဆွဲဆောင်မှုရှိလှတဲ့ကြော်ငြာဓာတ်ပုံတွေကို ဖန်တီးနိုင်ခဲ့လို့ပါပဲ။ အိုလုကွန်လီ တာနီမိဝူ (Olukunle Tanimowo) ဆိုတဲ့ လူငယ်လေးက ကြော်ငြာကမ်ပိန်းအတွက် ကုန်ကျစရိတ်အနည်းငယ်နဲ့ ပရော်ဖက်ရှင်နယ်ကျကျ ဓာတ်ပုံတွေရိုက်ကူးဖန်တီးခဲ့ ပါတယ်။ သူ ဖန်တီးခဲ့တဲ့ပုံတွေကို Dirmax ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က တင်ခဲ့တာပါ။ ကြော်ငြာဓာတ်ပုံဖန်တီးခဲ့တဲ့ လူငယ်လေးက သူ့မိသားစုနဲ့အတူ ကြော်ငြာကမ်ပိန်းအတွက် Infinix ဖုန်းတစ်လုံး၊ Adobe Lightroom အက်ပလီးကေးရှင်းတွေကိုပဲ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ဒီလူငယ်လေးအဖွဲ့က အိမ်မှာ ရှိတဲ့ အခြေခံပစ္စည်းတွေကိုသာအသုံးပြုပြီး တချို့ကြော်ငြာအေဂျင်စီတွေရဲ့ဖန်တီးမှုတွေထက် သာလွန်တဲ့ ကြော်ငြာကမ်ပိန်းတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ပထမဆုံးကြော်ငြာဓာတ်ပုံအတွက် Nestle Milo Chocolate Milk ကို အသုံးပြုပြီး နောက်ခံကိုတော့ အဖြူရောင်စာရွက်တစ်ရွက်ကို ထားကာ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ အဲဒီNestle ထုတ်ကုန်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာအယူအဆနဲ့ ကောင်းကောင်းထွက်ရှိလာခဲ့ပါတယ်။

နောက်ထပ်ကြော်ငြာကမ်ပိန်းအတွက်ကတော့ ပလတ်စတစ်အံ့ခွက်တချို့၊ အုတ်ခဲ၊ ဖန်ပြား၊ အချိုရည်ခွက် (၄) ခွက်တို့ကို အသုံးပြုခဲ့ပါတယ်။ ထွက်လာတဲ့ရလဒ်ကတော့ မထင်ထားလောက်အောင် ကောင်းခဲ့ပါတယ်။ အိုလုကွန်လီကို ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာလို့တောင် ယူဆလို့ရပါတယ်။ သူက အခုနှစ်ဓာတ်ပုံပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ခဲ့တယ်။ “ကိုရိုနာဗိုင်းရပ်စ် Lockdown အတွင်း တစ်ခုခု ဆန်းသစ်တာလုပ်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ကူးဖန်တီးရတာက ကျွန်တော် အမြဲကြိုက်တဲ့အရာပါပဲ။ ဒါကြောင့် ကြော်ငြာကမ်ပိန်းအတွက် အရဲစွန့်လုပ်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ကူးဖန်တီးရတာက ကျွန်တော့်ရဲ့စိတ်ဓာတ်ခွန်အားပါပဲ။ စိတ်ကူးအကြံဉာဏ်ကွန်မြူးဖို့အတွက် တွစ်တာပေါ်က ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတချို့ရဲ့ ဓာတ်ပုံတွေကို လေ့လာပြီး ပြန်ဖန်တီးဖို့ ကြိုးစားကြည့်ပါတယ်” လို့ အိုလုကွန်လီက ဆိုပါတယ်။

ကြော်ငြာကမ်ပိန်းအတွက် အခြားလူ (၃) ဦးက ကူညီပေးခဲ့ပေမဲ့လည်း ဓာတ်ပုံရိုက်တာ၊ ဓာတ်ပုံပြုပြင်တာတွေကို အိုလုကွန်လီကိုယ်တိုင်လုပ်တာပါ။ “ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဓာတ်ပုံရိုက်တယ်။ ကျွန်တော့်မော်ဒယ်တွေကို ဘယ်လိုPose ပေးရမယ်ဆိုတာကို ကိုယ်တိုင်သရုပ်ပြကာ ရှင်းပြတယ်။ ကျွန်တော် Adobe Lightroom နဲ့ ဓာတ်ပုံတွေကို ပြုပြင်ပါတယ်”လို့ အိုလုကွန်လီက ပြောပါတယ်။

သူ့ရဲ့ကြော်ငြာဓာတ်ပုံတွေကို နာမည်ကြီးသွားဖို့ မျှော်လင့်ခဲ့လား၊ မမျှော်လင့်ခဲ့ဘူးလားဆိုတာကိုလည်း အိုလုကွန်လီက ပြောပြထားပါသေးတယ်။ “နိုး… ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ ကျွန်တော့်ရဲ့တွစ်တာပေ့ချ် @offishialolu မှာ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ အဲတုန်းက Like က တစ်ထောင်လောက်ပဲ ရပါတယ်။ ဒါပေမဲ့ @Dirmax အကောင့်ပိုင်ရှင်က တင်လိုက်တဲ့အခါ နာမည်ကြီးတဲ့ပို့စ်တစ်ခုမှာ ကျွန်တော့်နာမည်Tag ထားခဲ့ပြီး Notiတွေ တက်လာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော် ကြည့်လိုက်တော့ ဒီပုံတွေက ငါလုပ်ထားတာပဲဆိုတာ နားလည်ခဲ့တာပါ။ လူတော်တော်များများက ကျွန်တော်ပုံတွေကို ကြိုက်ကြတဲ့အတွက် ဝမ်းသာပါတယ်”လို့ အိုလုကွန်လီက ပြောပါတယ်။

Ref: Boredpanda “Using Low-Budget Setups For His Projects, This Guy Produces Professional-Looking Product “Ads”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top