ရေသန့်ကုမ္ပဏီပိုင်ရှင်က ဂျက်မာကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာ

24-9-2020-yyl-031.jpg

ရေသန့်ကုမ္ပဏီပိုင်ရှင် ကျုံးရှန်ရှန်ဟာ Alibaba ကုမ္ပဏီ တည်ထောင်သူ ဂျက်မာကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ Bloomberg ရဲ့ ဘီလျံနာအညွှန်းကိန်းအရ ကျုံးရှန်ရှန်ဟာ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၅၈.၇ ဘီလျံရှိပြီး တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတာပါ။ ၁၉၉၆ ခုနှစ်က တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကျီကျန်းပြည်နယ်မှာ ကျုံးရှန်ရှန်က Nongfu Spring ရေသန့်ကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။

တစ်ကိုယ်တော်ဝံပုလွေလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ကျုံးရှန်ရှန်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖော်စပ်နေတဲ့ ဆေးဝါးကုမ္ပဏီမှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်ပါတယ်။ ကျုံးရှန်ရှန်ဟာ ကမ္ဘာ့အချမ်းသာဆုံး လူ ၅၀၀ စာရင်းမှာ အဆင့်(၁၇)၊ အာရှရဲ့ အချမ်းသာဆုံးစာရင်းမှာ အဆင့်(၂) ( အိန္ဒိယနိုင်ငံသား အမ်ဘာနီက အဆင့်(၁)) အဖြစ် ရပ်တည်နေပါတယ်။

တရုတ်နိုင်ငံရဲ့ ဘီလျံနာအသစ် အများစုဟာ နည်းပညာလုပ်ငန်း ပိုင်ဆိုင်သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ Huawei၊ TikTok ၊ WeChat တို့နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေလို့ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတန်ဖိုး ကျဆင်းသွားခဲ့တာပါ။ ပြီးခဲ့တဲ့ဧပြီလမှာ ကျုံးရှန်ရှန်ရဲ့ Beijing Wantai Biological Pharmacy Enterprise ဆေးဝါးကုမ္ပဏီရဲ့ ရှယ်ယာတွေကို တရုတ်စတော့ရှယ်ယာဈေးကွက်မှာ စတင်စာရင်းသွင်းခဲ့တာပါ။ အဲဒီကုမ္ပဏီဟာ တက္ကသိုလ် ၂ ခုနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖော်စပ်လျက်ရှိပါတယ်။ ဆေးဝါးကုမ္ပဏီမှာ ပိုင်ဆိုင်တဲ့ ရှယ်ယာပမာဏကြောင့် ပြီးခဲ့တဲ့သြဂုတ်လမှာ ကျုံးရှန်ရှန်ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ မြင့်တက်လာခဲ့ပါတယ်။

Nongfu Spring ရေသန့်ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အခုလအစောပိုင်းက ဟောင်ကောင်စတော့ရှယ်ယာ ဈေးကွက်မှာ စာရင်းသွင်းခဲ့ပြီး ပထမဆုံး ရှယ်ယာရောင်းချတဲ့နေ့မှာပဲ ရှယ်ယာတန်ဖိုးက ၅၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တာပါ။ Nongfu Spring ကုမ္ပဏီက ထုတ်လုပ်တဲ့ အဖုံးနီ ရေသန့်ဘူးတွေကို စတိုးဆိုင်ငယ်လေးတွေကအစ တန်ဖိုးကြီး ဟိုတယ်ကြီးတွေအဆုံး ရောင်းချပါတယ်။ Nongfu Spring ကုမ္ပဏီက လက်ဘက်ရည်၊ အရသာပါတဲ့ ဗီတာမင်အချိုရည်နဲ့ အအေးတွေကို ထုတ်လုပ်ရောင်းချပါတယ်။

ဒါပေမဲ့ ကျုံးရှန်ရှန်ဟာ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်ခဲ့တဲ့ ဂျက်မာရဲ့နေရာကို အချိန်ကြာကြာ လွှဲပြောင်းဆက်ခံခွင့်ရဖွယ်မရှိပါဘူး။ လာမယ့်လမှာ အလီဘာဘာ ကုမ္ပဏီက ပံ့ပိုးပေးထားတဲ့ Ant Group ရဲ့ ရှယ်ယာတွေကို တရုတ်နဲ့ ဟောင်ကောင်ဈေးကွက်တွေမှာ စာရင်းသွင်းဖို့ ရှိနေပြီး အဲဒီအတွက် ဂျက်မာရဲ့ ချမ်းသာကြွယ်ဝမှုပမာဏ မြင့်တက်လာဖို့ ရှိနေပါတယ်။ Ant Group ရဲ့တန်ဖိုးက ပစ်မှတ်ထားတဲ့အတိုင်း အမေရိကန်ဒေါ်လာ ၂၅၀ ဘီလျံ တန်ကြေးရှိလာရင် ဂျက်မာရဲ့ချမ်းသာကြွယ်ဝမှုကလည်း အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ မြင့်တက်လာဖွယ်ရှိပါတယ်။

Ref: BBC ” China’s new richest person is a bottled water tycoon”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top