အင်စတာဂရမ်ရဲ့ စကားဝှက်ပေါက်ကြားမှု

uploads2Fcard2Fimage2F9732292Ff18eda2f-69bc-40d3-b348-3edd67a29b1f.jpg2F950x534__filters3Aquality289029.jpg

ဖေ့စ်ဘွတ်ခ် လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ အင်စတာဂရမ်ကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ ခြေရာအတိုင်း လိုက်လာပြန်ပါပြီ။ အခုဆိုရင် အသုံးပြုသူအချို့ရဲ့ စကားဝှက် ပေါက်ကြားမှုတွေ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး ယိုယွင်းနေတာကို တွေ့မြင်လာရပါတယ်။ အင်စတာဂရမ် အသုံးပြုသူတွေဟာ ၎င်းတို့ရဲ့ အချက်အလက်တွေကို သိမ်းဆည်းဖို့ ဒေါင်းလော့ခ် ဆွဲယူတဲ့အခါမှာ စကားဝှက်တွေကို အကာအကွယ်မရှိဘဲ လူတိုင်းမြင်တွေ့နိုင်အောင် သိမ်းဆည်းထားကြောင်းကို သိရှိလိုက်ရတာပါ။

ဒီလိုသိမ်းဆည်းထားတာဟာ အသုံးပြုသူတွေရဲ့ အချက်အလက် ကာကွယ်ရေးဥပဒေကို မလိုက်နာတာဖြစ်ပြီး လုံခြုံရေး ယိုယွင်းနေတာဖြစ်ပါတယ်။

စကားဝှက်တွေကို ဒီလိုပုံစံအတိုင်းသာ ထားရှိမယ်ဆိုရင် ကုမ္ပဏီရဲ့ လုံခြုံရေး ပြဿနာဟာ တဖြည်းဖြည်းကြီးထွားလာလိမ့်မယ်လို့ လုံခြုံရေးပညာရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီလို ကောက်ချက်ချမှုအပေါ်မှာ အင်စတာဂရမ်က “ဒီလို အခြေအနေမျိုး ထပ်မဖြစ်ရအောင် ပြန်လည် ပြုပြင်လိုက်ပါပြီ။ စကားဝှက်တွေရဲ့ လုံခြုံရေးကို တင်းကျပ်ထားလိုက်ပါပြီ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အင်စတာဂရမ်အသုံးပြုသူတွေက ၎င်းတို့ရဲ့ အချက်အလက်တွေကို ဒေါင်းလော့ခ်ရယူဖို့ “Download Your Data Tool” ကို သုံးတဲ့အခါမှာ စကားဝှက်တွေကို ပေ့ခ်ျရဲ့ URL မှာ အထင်းသား မြင်တွေ့လိုက်ရတာပဲ ဖြစ်ပြီး စကားဝှက်တွေက တခြားသူတွေဆီတော့ မရောက်လောက်နိုင်ပေမယ့် ဒီ Tool သုံးလိုက်သူတွေကိုတော့ အင်စတာဂရမ်ဘက်ကတော့ ၎င်းတို့ရဲ့ စကားဝှက်ကို ပြောင်းပစ်ဖို့ သတိပေးခဲ့ပါတယ်။ အင်စတာဂရမ်ရဲ့ စကားဝှက်တွေကိုလည်း ဖေ့စ်ဘုတ်ရဲ့ ဆာဗာတွေမှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

အင်စတာဂရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အခုပြဿနာကို အချိန်တိုအတွင်း သိရှိခဲ့ပြီးနောက် အမြန်ဆုံး ပြန်ပြင်ခဲ့တာမို့ လူအနည်းငယ် အပေါ်မှာပဲ သက်ရောက်မှုရှိခဲ့တာပါ” ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

ကဲ ရိုးရာလေးပရိသတ်ကြီးရေ… ဆိုရှယ်မီဒီယာတွေရဲ့ လုံခြုံရေးပိုင်းကတော့ အရမ်းယုံလို့ရတဲ့အထဲ မပါတာမို့ ကိုယ့်ရဲ့ အရေးကြီး အချက်အလက် စကားဝှက်တွေကို စနစ်တကျ သိမ်းဆည်းမှတ်သားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Ref: The Verge “Instagram accidentally exposed some user passwords through its data download tool”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply