Folayang နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရန်ရှိသည့် Amir Khan က ၎င်းအနေဖြင့် ရှုံးနိမ့်မှုများကို မည်သို့ကိုင်တွယ်ရင်ဆိုင်ခဲ့ပုံအား မျှဝေခဲ့

Amir-Khan-dau-voi-vo-si-MMA-bat-bai-tai-ONE-Championships-1.jpg

လူသားတိုင်း၏ စိတ်သဏ္ဍာန်မှာ အကြောက်တရားကိန်းဝပ်လေ့ရှိရာ လိုက်ဝိတ်ချန်ပီယံခါးပတ်ကိုစိန်ခေါ်ထားသူ Amir Khan က ထူးချွန်သောကိုယ်ခံပညာကစားသမားကောင်းတစ်ဦးဖြစ်သော ၎င်းတွင်လည်း ကြောက်ရွံ့မှုရှိကြောင်း ဝန်ခံထားသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မနီလာမြို့၊ Mall of Asia Arena တွင် ကျင်းပသွားမည့် ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီး၏ ဒုတိယအဓိကပွဲစဉ်တွင် စင်္ကာပူနိုင်ငံသား အလဲထိုးကွက်အားသာချက်ရှိသော Amir သည် လစ်လပ်နေသော ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ချန်ပီယံဟောင်း Eduard Folayang နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အသက် ၂၄ နှစ် အရွယ်ရှိပြီဖြစ်သော Khan သည် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလတွင် ပရော်ဖက်ရှင်နယ်ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားအဖြစ် ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ကာ၊ ထိုပွဲတွင် Cody James ကို ပထအချီတွင်ပင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။ ကြိုးဝိုင်းတွင်းရှိ ပြိုင်ဘက်များကို ခေါင်းခဲစေသည့် ကျစ်လစ်သေးသွယ်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသော မွေထိုင်းကစားသမား Khan က ပြီးခဲ့သော နှစ်များအတွင်းရင်ဆိုင်ခဲ့ရသည့် ကျရှုံးမှုများကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ကြောင်း ပြောပြထားသည်။

“ကျွန်တော် ပန်းတိုင်တစ်ခုထားလိုက်ပြီဆိုရင် အဲဒီအတိုင်း ဖြစ်မလာမှာ၊ ကျရှုံးရမှာကို အမြဲကြောက်နေလေ့ရှိတယ်။ ဒါပေမယ့် အဲဒီလို ကျရှုံးပြီဆိုရင်လည်း ဒီလို ကျရှုံးမှုတွေကို ရင်ဆိုင်ဖို့အတွက် နည်းလမ်း ကျွန်တော့်မှာ ရှိထားပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော် အရှုံးနဲ့ ရင်ဆိုင်ရပြီးဆိုရင် ကျွန်တော် မငိုမိအောင်ကြိုးစားတယ်။ အရာရာတိုင်းကို ပြစ်တင်တာတွေ လောကကြီးအပေါ် ညည်းညူတာတွေ မလုပ်ဘူး။ အရှုံးကိုလက်ခံပြီး ဒီအမှားမျိုး နောက်ထပ်မမှားအောင် ကျွန်တော် ဘာလုပ်နိုင်မလဲဆိုတာ အဖြေရှာတယ်” ဟု ဖြည့်စွက်ပြောကြားသည်။

Khan သည် ၂၀၁၅ ခုနှစ်တွင်ယှဉ်ပြိုင်ခဲ့သော ONE Championship ပြိုင်ပွဲကြီးတွင် ပြိုင်ဘက်ကစားသမား Shannon Wiratchai ကို ရှုံးနိမ့်ကာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။ Khan သည် ထိုနေ့ပြိုင်ပွဲတွင် မည်သို့ယှဉ်ပြိုင်ခဲ့သည်ကို ယနေ့အချိန်အထိ အသေးစိတ် မှတ်မိနေသေးသည်။

“ခင်ဗျား အနိုင်ရတဲ့အချိန်ဆိုရင် ကမ္ဘာကြီးကိုအပိုင်ရလိုက်တဲ့ဘုရင်ကြီးလိုခံစားရမယ်။ ရှုံးနိမ့်ပြီးဆိုရင်တော့ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးလူလို့ခံစားရပြီး ခင်ဗျားကို ဘယ်သူကမှ နှစ်သက်မှာမဟုတ်ဘူး” ဟု Khan က ဆိုသည်။ “လမ်းပေါ်ကို လမ်းလျှောက်ထွက်တိုင်း လူတိုင်းက ခင်ဗျားကို မုန်းလိမ့်မယ်။ မကောင်းတဲ့ စိတ်ခံစားချက်မှန်သမျှ ခံစားရပြီး ဖိအားတွေ အများကြီးကို ကြုံတွေ့ရလိမ့်မယ်” ဟု Khan က ထောက်ပြသည်။

Khan သည် Wiratchai နှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၆ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့သည်။ သို့သော် Khan ၏ ထိုကံကောင်းမှုအခိုက်အတန့်သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း Timofey Nastyukhin နှင့်ရင်ဆိုင်ရသောပွဲတွင် ဒိုင် ၃ ဦးလုံး၏ ဆုံးဖြတ်ချက်ဖြင့် ရှုံးနိမ့်ကာ ရပ်တန့်ခဲ့ရသည်။

ကမ္ဘာ့အဆင့်ကိုယ်ခံပညာကစားသမားကြီးများနှင့် ယှဉ်ပြိုင်မှုအတွေ့အကြုံများပြည့်ဝနေပြီဖြစ်သော Khan သည် Folayang နှင့် အကြိတ်အနယ် ရင်ဆိုင်ရမည့်ပွဲစဉ်မတိုင်မီ အရေးကြီးသော ဘဝသင်ခန်းစာကို ရရှိခဲ့သည်။

“ကျရှုံးမှုတွေတိုင်းကနေ ဘယ်လိုကျော်လွှားရမယ်ဆိုတာသင်ယူခဲ့ပါတယ်။ အခုနေ ကျရှုံးမှုကို ကြုံရမယ်ဆိုရင် ပထမဦးဆုံး အကြိမ်ကျရှုံးခဲ့တုန်းကလောက် ခံစားရမှာ မဟုတ်ပါဘူး။ ကျရှုံးမှုတစ်ခုက ကမ္ဘာပျက်သွားတာမဟုတ်ဘူး။ အဲဒီ ကျရှုံးမှုကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာပဲ အရေးကြီးတာပါ။ အဆိုးထဲက အကောင်းကို ယူတတ်ဖို့ပဲ လိုတာပါ” ဟု ၎င်းက ဆိုသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top