ဥမင်လိုဏ်ခေါင်းထဲ ၉ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယဆောက်လုပ်ရေးအလုပ်သမားများရဲ့ ပထမဆုံး ရုပ်သံမှတ်တမ်း ထွက်ပေါ်လာ

21.11.23-yyl-13.jpg

လွန်ခဲ့တဲ့ ၉ ရက်အကြာက အိန္ဒိယနိုင်ငံမှ ဥမင်လိုဏ်ခေါင်းထဲ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ယောက်ရဲ့ ပထမဆုံး ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။ နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံ ဥတ္တရာခန်းပြည်နယ်မှာ မြေပြိုမှုဖြစ်ပွားပြီး ဆောက်လုပ်စ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျခဲ့တာပါ။

ဥမင်လိုဏ်ခေါင်း ပြိုကျပြီး သိပ်မကြာခင်မှာပဲ မြေအောက်ထဲကို တူးပြီး အချင်း ၄ လက်မ ပိုက်တစ်ချောင်း ထည့်သွင်းကာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အဆက်အသွယ် လုပ်နိုင်ခဲ့ပါတယ်။ ပိတ်မိနေသူတွေကို အောက်ဆီဂျင်၊ ရေနဲ့ အစားအစာ ပေးပို့နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက အကျိုးအပဲ့ အပျက်အစီးတွေကြားထဲကနေ အချင်း ၆ လက်မရှိတဲ့ ပိုက်တစ်ချောင်းကို ဥမင်လိုဏ်ခေါင်းထဲ ထပ်မံထည့်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီပိုက်သစ်ထဲကို ကင်မရာထည့်ပြီး ပိတ်မိနေသူတွေရဲ့ အခြေအနေကို ရုပ်သံမှတ်တမ်း ရိုက်ကူးနိုင်ခဲ့တာပါ။

အဲဒီဗီဒီယိုထဲမှာ ပိတ်မိနေသူတွေက ပြုံးပြ၊ လက် ဝှေ့ယမ်းပြပြီး သူတို့ရဲ့ အမည်နာမတွေကို တစ်ဦးချင်း ပြောပြခဲ့ကြပါတယ်။

ပိတ်မိနေသူတွေကို သိပ်မကြာခင် ကယ်ထုတ်နိုင်မယ်လို့ သက်ဆိုင်ရာအရာရှိတွေက ဆိုပါတယ်။ လာမယ့် ၂ ရက်၊ ၃ ရက်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်သွားမယ်လို့ အမြန်လမ်းနဲ့ လမ်းပိုင်းဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နီတင်ဂါဒကာရီက ပြောပါတယ်။

Ref: Uttarakhand tunnel collapse: First video emerges of Indian workers stuck in tunnel

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top