Windows 32 bit နဲ့ 64 bit တို့ရဲ့ ကွာခြားချက်အဖုံဖုံ

46933775_2253335081588106_6607779813069422592_n.jpg

ကွန်ပျူတာတစ်လုံးရဲ့ Processor ဆိုတာ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုတွေ အများကြီးရှိသလို အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲ အမျိုးအစားတွေမှာလည်း အများကြီး ကွာခြားသွားနိုင်ပါတယ်။ ဒါကြောင့် Windows 32 bit နဲ့ 64 bit က ဘယ်လိုမျိုးတွေလဲ၊ ဘာတွေလုပ်လို့ရလဲ၊ သုံးမယ်ဆို ဘာတွေလိုအပ်လဲဆိုတာကို ပြောပြပေးမှာမို့ ကြည့်လိုက်ကြရအောင် …။

32 bit Windows Operating System မှာ 32 bit အတွက် ရည်ရွယ်ထားတဲ့ ဆော့ဖ်ဝဲများကိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 64 bit Windows Operating System ဆိုရင်လည်း ထို့အတူပါပဲ။ Windows Operating System တိုင်းအတွက် သူနဲ့ သက်ဆိုင်ရာ Driver တွေတင်ထားဖို့ လိုအပ်ပါတယ်။ ယခုနောက်ပိုင်း model မြင့် Laptop အချို့မှာဆိုရင် 64 bit OS အတွက်ပဲ Driver ထုတ်ပေးပြီး 32 bit အတွက် driver support မလုပ်တော့တာကို တွေ့ရပါတယ်။ ဒီ laptop များကို 32 bit Windows တင်သုံးလို့ရပေမဲ့လည်း driver install လုပ်တဲ့အခါ component device အားလုံးအတွက် driver ရဖို့က သိပ်မသေချာပါဘူး။

ဒီ Operating System တွေမှာ အဓိက စကားပြောတာကတော့ RAM ပါပဲ။ 32 bit Windows OS ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏက 4GB အထိသာ ဖြစ်ပါတယ်။ သဘောကတော့ 32 bit Windows သုံးထားရင် computer မှာ RAM ကို 4GB ထက်ကျော်လွန်အောင် အသုံးပြုမရနိုင်ပါဘူး။ ဥပမာပြောရရင် 6GB တပ်ထားရင် 2GB က အပိုဖြစ်နေမှာပါ။

ဒါကြောင့် RAM ကို 4GB ထက်ပိုသုံးထားရင် 64 bit Windows ကိုသာ အသုံးပြုသင့်ပြီး 64 bit Windows ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏဟာ 16.8 million terabyte ထိ ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးမှာ RAM ဘယ်လောက်ပမာဏ တပ်လို့ရမလဲဆိုတာက Chipset အပေါ်မှာလည်း မူတည်ပါသေးတယ်။ Chipset ရဲ့ RAM support လုပ်နိုင်မှုက 16 GB ဆိုရင် RAM ကို 16GB ထက် ပိုတပ်လို့မရနိုင်ပါဘူး။

Windows 64 bit သုံးမယ်ဆိုရင် ဆက်စပ် device တွေအတွက် 64 bit driver များ install လုပ်ရမှာဖြစ်ပြီး ဆော့ဖ်ဝဲတွေကတော့ 32 bit ရော 64 bit ပါ install လုပ်နိုင်ပါတယ်။ ဒါပေမယ့် တချို့ အပ်ပလီကေးရှင်းတွေကတော့ 64 bit မှာသာ အသုံးပြုလို့ရအောင် လုပ်ထားတာတွေလည်း ရှိပါတယ်။ ဥပမာပြောရရင် Adobe Premier CS 5 software ဆိုရင် 64 bit Windows ပေါ်မှာသာ သုံးနိုင်ပါတယ်။ 64 bit Windows မှာတော့ 3D Game တွေ၊ 3D Aimation တွေနဲ့ Graphic အပ်ပလီကေးရှင်းတွေကို စွမ်းဆောင်ရည် ပိုမိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကဲ ဒီလောက်သိပြီးရင်တော့ ကိုယ်နဲ့ အဆင်ပြေဆုံး Operating System ကို ရွေးချယ် အသုံးပြုနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံး အဆင်ပြေကြပါစေ။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top