စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကောင်းဆုံးဗီတာမင်ဓာတ်တွေ

vitamins01.jpg

လူတစ်ယောက်ဟာ ကိုယ်ရောစိတ်ရောကျန်းမာမှ ကျန်းမာတဲ့ဘဝနေထိုင်မှုလို့ပြောလို့ရပါတယ်။ တချို့လူတွေက ရုပ်ပိုင်းဆိုင်ကျန်းမာပေမဲ့လည်း စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ လူတစ်ယောက်အတွက် အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာအားနည်းနေရင် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ကြာလာရင် လူ့ကျန်းမာရေးအတွက် မကောင်းနိုင်တော့ပါဘူး။ အခုခေတ်မှာလည်း စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် စိတ်ကျန်းမာနေဖို့အတွက် မရှိမဖြစ်ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တချို့ရဲ့အကူအညီလည်း လိုအပ်ပါတယ်။ ဒါမှ သင့်ဦးနှောက်က ကျန်းမာပြီး လူက ပျော်ရွှင်နေမှာဖြစ်ပါတယ်။

အခြားအင်္ဂါအစိတ်အပိုင်းတွေလိုပဲ ကျွန်တော်တို့ဦးနှောက်က ဗီတာမင်ဓာတ်အကူအညီလိုအပ်ပြီး ဗီတာမင်ဓာတ်ချို့တဲ့ရင် အာရုံကြောဆိုင်ရာနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လိုအပ်တဲ့ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်ပမာဏတိုးလာခြင်းကလည်း စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်မတည်မငြိမ်ဖြစ်တာကဲ့သို့ စိတ်ကျန်းမာရေးပြဿနာရပ်တွေကို ဖြေရှင်းပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ စိတ်ကျန်းမာရေးအတွက် စားပေးသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့

ဗီတာမင်ဘီ

ဗီတာမင်ဘီက ဦးနှောက်အတွက် မရှိမဖြစ်အာဟာရအုပ်စုတွေထဲက တစ်ခုပါပဲ။ ဗီတာမင်ဘီအမျိုးအစားအကုန်လုံးက စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေလို လက္ခဏာရပ်တွေကို သက်သာစေပြီး အသက်အရွယ်ကြောင့် ဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာလျော့ချခြင်းကို နှေးသွားစေနိုင်ပါတယ်။ ဗီတာမင်ဘီဓာတ်ကို အစားအစာတော်တော်များများမှာ တွေ့ရနိုင်ပါတယ်။

ဆီလီနီယံ

ဆီလီနီယံဓာတ်က free radicals နဲ့ ရောဂါကူးစက်ခြင်းကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေကနေ ခန္ဓာကိုယ်ကိုကာကွယ်ပေးတဲ့ အာဟာရဓာတ်ပါပဲ။ ဦးနှောက်အတွက်လည်း အကျိုးကျေးဇူးများစွာရှိပါတယ်။ ဆီလီနီယံပမာဏ လုံလုံလောက်လောက်ရှိတာက စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ခြေကို ဖြတ်တောက်ပေးနိုင်ပါတယ်။ စိုးရိမ်ပူပန်တာနဲ့ ဆက်စပ်တဲ့လက္ခဏာရပ်တချို့ကိုလည်း လျော့ချပေးတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။

ဗီတာမင်ဒီ

ဗီတာမင်ဒီက အရိုးကျန်းမာရေးအတွက်သာမက ဦးနှောက်ကျန်းမာရေးအတွက်လည်း မရှိမဖြစ်ဖြည့်စွက်အာဟာရဓာတ်ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ အဓိကလုပ်ဆောင်ချက်တွေကို ဗီတာမင်ဒီက အကူအညီပေးပြီး အာရုံကြောဖွံ့ဖြိုးမှုကို အကူအညီပေးတဲ့ အင်ဇိုင်းဓာတ်တချို့ကိုလည်း ထိရောက်စေပါတယ်။ ဗီတာမင်ဒီက ဦးနှောက်ထက်မြက်အောင်အကူအညီပေးသလို စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးပါတယ်။

မဂ္ဂနီစီယမ်

မဂ္ဂနီစီယမ်က ဦးနှောက်အတွက် ကျန်းမာသန်စွမ်းတဲ့သဘာဝသတ္တုဓာတ်ပါပဲ။ ဒီဓာတ်က အဓိကအာရုံကြောဆိုင်ရာလုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပါတယ်။ ဒါ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကို အခက်အခဲဖြစ်စေတဲ့အရာတွေကို လျော့ချပေးပါတယ်။ ဦးနှောက်နဲ့အာရုံကြောအတွက် မဂ္ဂနီစီယမ်က ကောင်းတဲ့အတွက် စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်မလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

Ref: Best vitamins for good mental health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top