အိမ်ပြာတော်မှာ ကိုရီးယားသမ္မတမွန်ဂျေအင်းနဲ့ “Parasite” အဖွဲ့သားတွေ တွေ့ဆုံခဲ့

kparasite01.jpg

ကိုရီးယားရုပ်ရှင်ဇာတ်ကား “Parasite” ဟာ ၉၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ (အော်စကာဆုပေးပွဲ) မှာ အကောင်းဆုံးဇာတ်ကားဆုအပြင် ဆု (၄) ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီး အဲဒီပွဲမှာ အော်စကာဆုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားဇာတ်ကားဖြစ်လာခဲ့ပါတယ်။ အော်စကာဆုပေးပွဲသမိုင်းမှာလည်း အင်္ဂလိပ်စကားပြောမဟုတ်တဲ့ရုပ်ရှင်ကားဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုရရှိခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ “Parasite” ဇာတ်ကားဟာ ကိုရီးယားနိုင်ငံရဲ့ဂုဏ်ကိုဆောင်ပေးခဲ့တဲ့အတွက် ကိုရီးယားသမ္မတမွန်ဂျေအင်းက အဲဒီဇာတ်ကားရဲ့ထုတ်လုပ်ရေးပိုင်းမှာ ပါဝင်ခဲ့တဲ့ မင်းသားတွေ၊ ဝန်ထမ်းတွေကို အိမ်ပြာတော်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖိတ်ကြားခဲ့ပါတယ်။

သမ္မတမွန်ဂျေအင်းက Parasite က အကယ်ဒမီဆုရော ကိုရီးယားရုပ်ရှင်လောကမှာပါ သမိုင်းစိုက်ထူနိုင်ခဲ့တဲ့အတွက် သူ ဂုဏ်ယူဝမ်းမြောက်မိကြောင်းပြောခဲ့ပါတယ်။ “အော်စကာက ကမ္ဘာ့ဂုဏ်သတင်းကြီးမြတ်တဲ့ရုပ်ရှင်ဆုပေးပွဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဒါရိုက်တာ ဘုံဂျွန်ဟိုထောက်ပြခဲ့သလိုပဲ ပြည်တွင်းရုပ်ရှင်ဆုပေးပွဲဖြစ်သွားတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ “Parasite” နဲ့ ဒါရိုက်တာဘုံဟာ အရမ်းထူးခြားပြောင်မြောက်တာကြောင့် အင်္ဂလိပ်စကားပြောမဟုတ်တဲ့ရုပ်ရှင်ကားတွေ ရင်ဆိုင်ခဲ့ရတဲ့ ဆူးငြောင့်ခလုတ်တွေကို ဖယ်ရှားနိုင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုတွေကို ရရှိနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ကို ပိုပြီး ဂုဏ်ယူစေခဲ့ပါတယ်”လို့ သမ္မတက ပြောခဲ့ပါတယ်။

BTS, ကိုရီးယားဒရာမာနဲ့ ကိုရီးယားဂန္တဝင်ဂီတပညာရှင်တွေရရှိခဲ့တဲ့ နိုင်ငံတကာအောင်မြင်မှုတွေကို သယ်ဆောင်လာပေးတာနဲ့ပတ်သက်ပြီး သမ္မတက “ကိုရီးယားယဉ်ကျေးမှုက ကမ္ဘာကြီးရဲ့အစွန်းပိုင်းကနေ အလယ်ကို ရောက်ရှိလာခဲ့ပြီး ယဉ်ကျေးမှုနယ်ပယ်အသီးအသီးမှာ အသိအမှတ်ပြုလာကြပါပြီ။ ဒါရိုက်တာဘုံအပါအဝင် လူတိုင်းရဲ့ကြိုးစားအားထုတ်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော် သူတို့အားလုံးကို နောက်ထပ်ကျေးဇူးတင်ချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

သမ္မတမွန်ဂျေအင်းက “Parasite” ဇာတ်ကားမှာ ပြထားတဲ့ လူမှုအသိုင်းအဝိုင်းရေးရာသင်ခန်းစာတွေကို နားလည်ကြောင်းနဲ့ ဒီပြဿနာက ကိုရီးယားမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာလည်း ရှိကြောင်း တရားမမျှတမှုတွေပျောက်သွားဖို့က သူ့ရဲ့စီမံခန့်ခွဲမှုအပိုင်းမှာ အဓိကမူဝါဒဖြစ်ကြောင်း၊ ကိုရီးယားရုပ်ရှင်လောကကြီး တိုးတက်လာအောင် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါရိုက်တာဘုံဂျွန်ဟိုကလည်း အိမ်ပြာတော်ကို ဖိတ်ကြားခံခဲ့ရတဲ့အတွက် “ဒီနေရာကို ဖိတ်ကြားခံရပြီး ဂုဏ်ပြုခံရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့ရဲ့ဘေးမှာ သမ္မတ စကားပြောနေတာကို ကြည့်ပြီး ကျွန်တော်ထိတ်လန့်ရပါတယ်။ ရုပ်ရှင်ကိုဂုဏ်ပြုပေးခဲ့တာအပြင် ကိုရီးယားယဉ်ကျေးမှုနဲ့ ရုပ်ရှင်လောကအကြောင်း ပြောသွားခဲ့တာတွေက ဇာတ်ညွှန်းရဲ့ စာမျက်နှာ (၂) မျက်နှာနီးပါးလိုပါပဲ။ သမ္မတက ဒါတွေကို အလွယ်ကျက်ထား တဲ့ပုံမဟုတ်ပါဘူး။ တရားမျှတမှုမရှိခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို အမြဲတမ်းစဉ်းစားနေတဲ့အတွက် သူ့ရဲ့အတွေးတွေအားလုံးကို ထုတ်ပြောပြခဲ့သလိုပါပဲ။ ကျွန်တော်ကို အံ့သြမင်သက်စေခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် “ပြီးခဲ့တဲ့နှစ်က Cannes Film Festival မှာ ရုပ်ရှင်ပြသခဲ့တာကစပြီး ကိုရီးယား၊ ပြင်သစ်နဲ့ အခြားနိုင်ငံတော်တော်များများနဲ့ အော်စကာအထိ ရုပ်ရှင်ပြသခဲ့တာက ရှည်လျားလှတဲ့ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ဒီရှည်လျားတဲ့ခရီးစဉ်ကို သမ္မတနဲ့သမ္မတကတော်တို့နဲ့ အိမ်ပြာတော်မှာ ဂုဏ်ပြုခြင်းခံရပြီး အဆုံးသတ်လိုက်ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်” လို့ ဒါရိုက်တာဘုံဂျွန်ဟိုက အဆုံးသတ်ပြောကြားခဲ့ပါတယ်။

Parasite ဇာတ်ကားရဲ့မင်းသား ဆောင်ဂန်ဟိုကလည်း “ဒီနေရာမှာ ကျွန်တော်တို့ အတူတူတွေ့ဆုံရတာ ပထမဆုံးပါပဲ။ ဒီနေ့ကလည်း ‘Parasite” အတွက် ပွဲတွေ တရားဝင်ကျင်းပခဲ့တဲ့ နှစ်နှစ်တာမှာ နောက်ဆုံးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒါက အဓိပ္ပာယ်ရှိတဲ့တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်” လို့ စကားအနည်းငယ်ပြောသွားခဲ့ပါတယ်။

Ref: Korean President Moon Jae In Honors “Parasite” Cast And Crew At Blue House Luncheon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top