ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်ရဲ့ ထိပ်သီးအစည်းအဝေး သဘောတူညီမှုမရဘဲ အဆုံးသတ်

north.jpg

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ ထိပ်သီးအစည်းအဝေးကတော့ သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့ပါတယ်။

သတ်မှတ်ထားချိန်ထက် (၂) နာရီစောပြီး အဆုံးသတ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက် မရခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ အရေးယူပိတ်ဆို့မှုတွေနဲ့ သက်ဆိုင်နေပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ တချို့နေရာတွေမှာ နျူကလီးယားကင်းစင်ရေး ဆောင်ရွက်ပေးမယ်လို့ ကင်ဂျုံအန်က ကမ်းလှမ်းခဲ့ပေမဲ့ အဲဒီနေရာတွေက သူတို့ လိုလားတဲ့နေရာတွေ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဘက်က ယွန်ဗြောင်နျူကလီးယားစက်ရုံကို ဖျက်သိမ်းပေးချင်စိတ် ရှိပေမဲ့ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီတောင်းဆိုချက်ကို ဒေါ်နယ်ထရမ့်က လိုက်လျောခဲ့ခြင်းမရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံမှာ ယွန်ဗြောင်နျူကလီးယားစက်ရုံအပြင် ယူရေနီယမ်သတ္တုသန့်စင်နိုင်တဲ့ နောက်ထပ်စက်ရုံ (၂) ခု ရှိနေပြီး အဲဒီစက်ရုံတွေကို မြောက်ကိုရီးယားက ထုတ်ဖော်ခဲ့ခြင်းမရှိဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်ဟာ ၂၀၁၈ ခုနှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ ပထမအကြိမ် ထိပ်သီးအစည်းအဝေးကျင်းပခဲ့ဖူးပြီး ဟနွိုင်းမြို့ ထိပ်သီးအစည်းအဝေးကတော့ ဒုတိယမြောက် ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်ရဲ့ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခဲ့တဲ့ ဟနွိုင်းမြို့ နေရာအနှံ့မှာ ”ငြိမ်းချမ်းရေးမြို့”ဆိုတဲ့ စာသားတွေ ရေးသားထားပေမဲ့ လက်ရှိအနေအထားကတော့ မျှော်လင့်ထားသလို မဖြစ်ခဲ့တဲ့ပုံစံပါပဲ။ သူတို့ (၂) ယောက်အနေနဲ့ တတိယမြောက် အစည်းအဝေး ကျင်းပဖို့ အပြန်အလှန် ကတိပြုခဲ့တာမျိုး မရှိပါဘူး။

ထိပ်သီးအစည်းအဝေးအပြီး မာရီယော့ဟိုတယ်မှာ မိနစ် (၄၀) ကြာ စာနယ်ဇင်းရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ မိနစ်ပိုင်းအကြာမှာပဲ Air Force One လေယာဉ်နဲ့အတူ ဝါရှင်တန်ဒီစီကို ပြန်လည်ထွက်ခွာလာပါပြီ။ ကင်ဂျုံအန်ကတော့ ဗီယက်နမ်နိုင်ငံမှာ ဆက်နေမယ့် အနေအထားရှိပါတယ်။ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီမှု မရခဲ့တာနဲ့ပတ်သက်ပြီး ကင်ဂျုံအန်က မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး။

Ref: BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top