နွေရာသီမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ

hot.jpg

နွေရာသီက ပုံမှန်အားဖြင့်တော့ ခြောက်သွေ့၊ ပူနွေးပြီး အိုက်စပ်စပ်နိုင်လှပါတယ်။ နွေရာသီဟာလည်းအခြားရာသီတွေလိုပဲ ရောဂါတွေနဲ့ အတူရောက်လာတတ်ပါတယ်။ ကြိုတင်ကာကွယ်မှုတွေသာမလုပ်ဆောင်ဘူးဆိုရင် နွေရာသီရဲ့ ပူပြင်းမှုနဲ့ခြောက်သွေ့မှုတွေက ရောဂါတော်တော်များများကိုဖြစ်ပေါ်ခံစားရစေပါတယ်။ ကြိုတင်သတိပြုကာကွယ်စေနိုင်ဖို့ နွေရာသီမှာ အဖြစ်များတဲ့ရောဂါအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

အပူရှပ်ခြင်း – ပူပြင်းလှတဲ့ အပူဒဏ်ကိုအချိန်ကြာမြင့်စွာထိတွေ့မှုကြောင့် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာတဲ့အခါ အပူရှပ်တာကိုခံစားရနိုင် ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အပူချိန်မြင့်တက်မှုဖြစ်ပေါ်တဲ့အခါ ခေါင်းကိုက်တာ၊မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာ နဲ့ အဖျားတက်တာမျိုးတွေခံစားရနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်း – အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းက မသန့်ရှင်းတဲ့အစားအစာတွေနဲ့ရေတွေကို စားသုံးမိတာပဲဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေ၊အဆိပ်သင့်စေတဲ့အရာတွေနဲ့ဓာတုဗေဒပစ္စည်းတွေ ခန္ဓာကိုယ်ထဲဝင်ရောက်တာကြောင့် ဖြစ်ပါတယ်။ အစာအဆိပ်သင့်စေနိုင်တဲ့အရာတွေ ခန္ဓာကိုယ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊ ဝမ်းလျှောတာနဲ့အော့အန်တာတွေခံစားရနိုင်ပါတယ်။ အသားစိမ်းတွေ၊ လမ်းဘေးမှာရောင်းချနေတဲ့ ဖုံးအုပ်မထားတဲ့အစားအသောက်တွေ နဲ့ မသန့်ရှင်းတဲ့သောက်သုံးရေတွေက အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့ ရောဂါပိုးတွေကိုအဓိကသယ်ဆောင်တဲ့ အရာတွေဖြစ်ပါတယ်။

မျက်စိနာခြင်း – မျက်စိနာတာ (သို့) မျက်မြှေးရောင်တာက ဘက်တီးရီးယားကူးစက်တာ (သို့) ဓာတ်မတည့်မှုတွေကြောင့်ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။ (၄) ရက် ကနေ (၇) ရက်အထိကြာမြင့်နိုင်ပါတယ်။

နွေရာသီ စိတ်ဓာတ်ကျရောဂါ – ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တာဖြစ်ပါတယ်။ အပူချိန်မြင့်တက်လာတာက လူအချို့မှာ စိတ်ခံစားမှုအပြောင်းအလဲကိုဖြစ်ပေါ်စေပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်း – နွေရာသီမှာ အဖြစ်အများဆုံးသောရောဂါတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ပမာဏကို လုံလောက်အောင်ပြန်လည်မဖြည့်တင်းနိုင်တဲ့အခါ ရေဓာတ်ဆုံးရှုံမှုဖြစ်ပေါ်ခံစားလာရပါတယ်။ နွေရာသီမှာ ချွေးထွက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ဆားဓာတ်တွေကို ဆုံးရှုံးနေရပါတယ်။ ခန္ဓာကိုယ်ရဲ့ပုံမှန်လည်ပတ်နေတဲ့လုပ်ငန်းစဉ်တွေအတွက် ဒီဓာတ်တွေကိုပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

နေလောင်ခြင်း – နေလောင်တာက ပြင်းထန်တဲ့အရေပြားကင်ဆာရောဂါကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ နေရောင်နဲ့အချိန်ကြာမြင့်စွာထိတွေ့မှုက လူတွေရော တိရစ္ဆာန်တွေအတွက်ပါမကောင်းပါဘူး။ လူတွေကနေရောင်နဲ့အချိန်ကြာမြင့်စွာထိတွေ့တဲ့အခါ အရေပြားက အနီရောင်ပြောင်းသွားပြီး ယားယံတာနဲ့ပူစပ်ပူလောင်ဖြစ်တာတွေခံစားရနိုင်ပါတယ်။ နေရောင်ကျလို့အေးသွားတဲ့အခါ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ အဖျားတက်တာ၊မအီမသာဖြစ်တာ၊အော့အန်တာနဲ့ တုပ်ကွေးမိသလိုမျိုးရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။ အချို့မှာတော့ ပူစပ်ပူလောင်ဖြစ်တာကိုဆက်လက်ခံစားနေရနိုင်သလို နောက်ပိုင်းမှာနေရောင်ကြောင့်ခြောက်သွေ့နေတဲ့အရေပြားတွေကွာကျသွားတာမျိုးဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

အရေပြားပေါ်မှာအဖုအပိမ့်တွေထွက်ခြင်း – အရေပြားပေါ်မှာ မိတ်တို့ အင်ပြင်တို့လိုမျိုး အနီရောင်အဖုအပိမ့်တွေထွက်တာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာနွေရာသီမှာဖြစ်နေကျလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ နွေရာသီမှာ ရာသီဥတုပူတာနဲ့ချွေးထွက်တာတွေက ကလေးတွေမှာ အရေပြားပေါ်မှာ အနီရောင်အဖုအပိမ့်တွေပိုမိုထွက်စေပါတယ်။

ပါးချိတ်ရောင်နာ – ပါးချိတ်ရောင်နာက နွေရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အပြင်းထန်ဆုံးသောရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ကူးစက်တတ်တဲ့ရောဂါမျိုးပါ။ ဒီရောဂါပိုးဟာ ရောဂါဖြစ်နေတဲ့သူဆီကနေ ကျန်းမာနေတဲ့သူဆီကို ကူးစက်နိုင်တာကြောင့် ရောဂါကူးစက်ခံထားရသူ ကရောဂါမပျောက်ကင်းမချင်း တိုက်ရိုက်ထိတွေ့မိတာမျိုုးမရှိအောင်ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ခေါင်းကိုက်ခြင်း – တနေကုန် နေရောင်အောက်မှာ မနားမနေအလုပ်လုပ်ခဲ့ရတာကြောင့်လည်း ခေါင်းကိုက်ဝေဒနာကိုခံစားရနိုင်ပါတယ်။ နွေရာသီမှာ နေရောင်အောက်မှာ မနားမနေအလုပ်လုပ်တာမျိုးမဖြစ်အောင် ဆင်ခြင်ပါ။

တုပ်ကွေး – တုပ်ကွေးက နွေရာသီမှာအဖြစ်များတဲ့ နောက်ထပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆီများတဲ့အစားအစာတွေနဲ့ အအေးခံထား တဲ့အချိုရည်တွေ အလွန်အကျွံ စားသုံးတာမျိုးကိုရှောင်ပါ။

ချောင်းဆိုးခြင်း – ချောင်းဆိုးတာက ဆောင်းရာသီမှာပဲဖြစ်တာမျိုးမဟုတ်ပါဘူး။ နွေရာသီမှာလည်းဖြစ်တတ်ပါတယ်။ အရမ်းအေးတဲ့ရေတွေသောက်သုံးတာကိုရှောင်ကြဉ်တာက ချောင်းမဆိုးအောင်ထိန်းသိမ်းနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။

ပန်းနာရင်ကျပ် – နွေရာသီမှာ လေထုထဲမှာပါဝင်တဲ့ ဝတ်မှုန်တွေကြောင့် ပန်းနာရင်ကျပ်ဝေဒနာကိုခံစားရတာဖြစ်ပါတယ်။

အသားဝါခြင်း – အသားဝါတာက မသန့်ရှင်းတဲ့သောက်သုံးရေနဲ့ အစားအစာတွေကို စားသုံးမိတာကြောင့်ဖြစ်ပါတယ်။ နွေရာသီမှာ အသားဝါမဖြစ်စေဖို့အတွက် ရေကိုကျိုချက်သောက်သုံးသင့်သလို အဆီပါဝင်မှုနည်းတဲ့အစားအစာမျိုးတွေကိုပဲ စားသုံးပေးသင့်ပါတယ်။

တိုက်ဖွိုက် – တိုက်ဖွိုက်က Salmonella typhi လို့ခေါ်တဲ့ ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ တိုက်ဖွိုက်ရောဂါခံစားရတဲ့အခါ ဗိုက်ထဲက အောင့်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန်ကျဆင်းတာ နဲ့ ကိုယ်ထဲမှာ အားမရှိသလိုမျိုးခံစားရတာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ရေကျောက်ပေါက်ခြင်း – ရေကျောက်က Varicella zoster လို့ခေါ်တဲ့ ရောဂါပိုးတစ်မျိုးကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါပိုးက စိုစွတ်တဲ့နေရာတွေမှာပေါက်ဖွားနိုင်တာကြောင့် ရေတိုင်ကီတွေနဲ့ ဥယျဉ်ပန်းခြံတွေထဲမှာ ပိုးမွှားတွေကိုသေစေနိုင်တဲ့ဆေးတွေဖျန်းထားဖို့လိုအပ်ပါတယ်။

ဝက်သက် – ဝက်သက်က ကလေးတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝက်သက်က paramyxo ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပါတယ်။ လည်ချောင်းတလျှောက်မှာ ပြင်းထန်စွာကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးတွေကို ဝက်သက်ကာကွယ်ဆေးထိုးပေးထားပါ။

နောက်ကျောအောင့်ခြင်း – နောက်ကျောအောင့်တာက တစ်နေကုန် အိမ်အလုပ်တွေကိုမနားမနေလုပ်ဆောင်နေတဲ့ အိမ်ရှင်တွေမှာအဖြစ်များပါတယ်။ ကိုယ်အလေးချိန်အရမ်းများနေတာနဲ့ လေးလံလှတဲ့ အိမ်သုံးပစ္စည်းတွေကြောင့် နောက်ကျောအောင့်တာ အဖြစ်များပါတယ်။

အထက်မှာဖော်ပြထားတဲ့ရောဂါလက္ခဏာတွေကိုသိရှိပြီး နွေရာသီမှာရောဂါမဖြစ်အောင်ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။

ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top