ဆီမီးခွက်ပေါင်း ၃ သိန်း ထွန်းညှိပြီး ကမ္ဘာ့မှတ်တမ်းတင်နိုင်ခဲ့တဲ့ အိန္ဒိယက ဒီဝါလီပွဲတော်

45723611_1205481209603623_827931589995397120_n.jpg

ပြီးခဲ့တဲ့ အင်္ဂါနေ့က အိန္ဒိယမြောက်ပိုင်း အယုဒ္ဓယမြို့မှာတော့ ဒီဝါလီပွဲတော် အထိမ်းအမှတ်အနေနဲ့ ဆီမီးခွက်ပေါင်း သိန်းချီ ထွန်းညှိပူဇော်ပြီး တစ်မြို့လုံး ထိန်လင်းစေခဲ့ပါတယ်။ ဟိန္ဒူလူမျိုးတို့ရဲ့ ရိုးရာမီးထွန်းပွဲတော်လို့ လူသိများတဲ့ ၅ ရက်ကြာ ဆီမီးခွက်များ အတန်းလိုက် ပူဇော်ခြင်းကတော့ ကမ္ဘာ့မှတ်တမ်းထိ ဝင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုကြပါတယ်။

ဒီပွဲတော်မှာ မြို့ခံလူ ထောင်ချီနဲ့ လာရောက်ကြည့်ရှုသူဧည့်သည်တွေက ဆီမီးခွက်ပေါင်း ၃၀၀,၁၅၀ ထွန်းညှိပြီး ဂင်းနစ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ဂင်းနစ်မှတ်တမ်း တာဝန်ခံတွေက မြို့အပေါ်စီးကနေ ဒရုန်းနဲ့ ရိုက်ကူးပြီး ဆီမီးခွက်အရေအတွက်ကို ဆုံးဖြတ်ပြီးနောက်မှာတော့ ဆုလက်မှတ် ပေးအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဝါလီပွဲတော်မှာက ဂင်းနစ်စံချိန် တင်နိုင်လောက်တဲ့ ဆီမီးခွက် အရေအတွက် ရှိခဲ့ပေမဲ့ လေတိုက်ကြမ်းတဲ့အတွက် မီးငြိမ်းသွားတာများလို့ မှတ်တမ်းမဝင်ခဲ့ပါဘူး။

ဒီဝါလီပွဲတော်မှာ ဟိန္ဒူ၊ ဂျိမ်း၊ ဆစ် စတဲ့ ဘာသာဝင်တွေလည်း ပါဝင်ဆင်နွှဲကြသလို ဟိန္ဒူ နှစ်သစ်ကူးနေ့နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။ မကောင်းဆိုးဝါးကို အောင်နိုင်ပြီး နှစ်သစ် စာမျက်နှာကို ဖွင့်လှစ်နိုင်တယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ ကျင်းပကြတဲ့ ဒီဝါလီပွဲတော်ကိုတော့ ပုံမှန်အားဖြင့် အောက်တိုဘာနဲ့ နိုဝင်ဘာလအကြားမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။

ဒီဝါလီနေ့ပွဲတော်မှာတော့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းရဲ့ဇနီး ကင်ဂျောင်ဆွတ်ခ်လည်း ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယကို လေးရက်တာ လာရောက်လည်ပတ်စဉ် အတောအတွင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ တွေ့ဆုံပြီးနောက် ပွဲတော်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရာဇဝင်တွေမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ က အယုဒ္ဓယမင်းသမီးက ကိုရီးယားကို သွားရောက်ပြီး ဘုရင်နဲ့ လက်ထပ်ခဲ့တယ်လို့ အဆိုရှိတဲ့အတွက် နှစ်နိုင်ငံအကြား ဆက်နွှယ်မှု ရှိတယ်လို့ ယူဆကြပါတယ်။

ဒီဝါလီပွဲတော် အထိမ်းအမှတ် ဆီမီးခွက်တွေနဲ့ ဗျောက်အိုးတွေကြောင့် နိုင်ငံရဲ့ အဓိကမြို့ကြီးအချို့မှာ လေထုညစ်ညမ်းမှုတွေကတော့ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးရွားလာတယ်လို့ အိန္ဒိယနိုင်ငံရဲ့ လေထုထိန်းချုပ်ရေးအဖွဲ့အစည်းချုပ်က ဆိုပါတယ်။ သို့ပေမဲ့လို့ တစ်နှစ်မှတစ်ခါသာကျင်းပရတဲ့ ဟိန္ဒူရိုးရာ ဒီဝါလီပွဲတော်ကိုတော့ ပိုပိုပြီး စည်ကားအောင် ဟိန္ဒူမျိုးနွယ်စုအားလုံးက ကြိုးစားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

Ref: nytimes.com “That’s a Lot of Lamps: 300,000 Lit in India for Diwali, Breaking Record”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top