အသက် ၂၄ နှစ် အရွယ်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဒေါ်လာသန်းချီ ပိုင်အောင် ကြိုးစားခဲ့တဲ့ မိန်းကလေး

45708014_1205704906247920_1861278043985674240_n.jpg

တရုတ်နွယ်ဖွား စွန့်ဦးတီထွင်သူ အမျိုးသမီး ပေါ့ကတ်စန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်လာတယ်ဆိုတာက လွယ်လွယ်ကူကူနဲ့တော့ မဟုတ်ခဲ့ပါဘူး။ အမေရိကန် ပြောင်းရွှေ့အခြေချဗီဇာက အဆင်မပြေခဲ့တဲ့အတွက် ချီကာဂိုမှာရှိတဲ့ နည်းပညာအလုပ်ကို မစ္စစန်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ပြန်တက်ပြီး စွန့်ဦးတီထွင်မှု မာစတာဘွဲ့ယူကာ ကံမကောင်းမှုတွေကို အခွင့်အလမ်းအဖြစ် ပြန်လည်ဖန်တီးခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်မှာတော့ Forbes မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပုံနှိပ်ထုတ်ဝေခြင်းခံရတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အထူးချွန်ဆုံး အမျိုးသမီးလုပ်ငန်းရှင် ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ မစ္စစန်းက သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံထားတဲ့ SoGal ကုမ္ပဏီကို ပိုင်ဆိုင်ပြီး အမျိုးသမီး စွန့်ဦးတီထွင်သူလူနည်းစုကို ထောက်ပံ့ပေးနေပါတယ်။

၂၀၀၇ မှာတော့ “3 Billion Under 30” ခေါင်းစဉ်နဲ့ လုပ်ငန်းခွင် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ စာအုပ်မှာ သူ (မ) အကြောင်း ထည့်သွင်းဖော်ပြခံရပါတယ်။ SoGal ကိုတော့ အခွဲနှစ်ခုနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး တည်ထောင်စကုမ္ပဏီငယ်လေးတွေကို ရင်းနှီးမြှုပ်နှံမှုပေးတဲ့ အစုစပ်ကုမ္ပဏီလုပ်ငန်းသဘောမျိုးနဲ့ နောက်တစ်ခုကတော့ အမျိုးသမီးနဲ့ လူငယ်တွေရဲ့ ပညာရေးပိုင်းကို မြှင့်တင်ပေးတဲ့ ဖောင်ဒေးရှင်း ဖြစ်ပါတယ်။.’

အောင်မြင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်အနေနဲ့ ပျိုမေတွေကို မစ္စစန်း အကြံပြုခဲ့တာကတော့ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင် အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းတွေကို ဘယ်တော့မှ လျှော့မတွက်ဘဲ ကိုယ့်ရဲ့ ပုံရိပ်ထွက်ကောင်းအောင် အာရုံစိုက်ရမယ်လို့ မစ္စစန်းက အကြံပေးခဲ့ပါတယ်။

အမျိုးသမီး စွန့်ဦးတီထွင်ရှင်တွေအတွက် အကောင်းဆုံး စံထားရလောက်သူကတော့ မစ္စစန်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အကြောက်အရွံ့ကင်းကင်းနဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ ဇွဲလုံ့လကြောင့် မီလျံနာကြီး ဖြစ်နိုင်ခဲ့တဲ့ ပေါ့ကတ်စန်းကို အတုယူနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

Ref: dailymail “Meet the millennial who forged a multi-million dollar empire by unlocking women’s potential”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top