(၄) တက္ကသိုလ်ဝင် စာမေးပွဲမအောင်မြင်သည့် ၇၀ ရာခိုင်နှုန်းသော ကျောင်းသားများအား ထည့်သွင်း စဉ်းစားသည့်အနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက် ကြောင်းလက်မှတ်(High School Completion Certificate) ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်ကြေညာလိုက်သည်။
အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်သည် အခြေခံပညာအထက်တန်းအဆင့် ပြီးဆုံးအောင် သင်ယူလေ့လာခဲ့သော ကျောင်းသားအား ချီးမြှင့်ပေးအပ်မည့် အထောက်အထားလက်မှတ်တစ်ခု ဖြစ်ပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးများက လက်မှတ်ရေးထိုး ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါလက်မှတ်ကိုပေးအပ်ရာတွင် ကျောင်းခေါ်ကြိမ်ပြည့်မီခြင်း၊ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက်တတ်မြောက်မှုအဆင့် သတ်မှတ်ခြင်း၊ စာပေ၊ အနုပညာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခြင်း၊ စာကြည့်တိုက်ဆိုင်ရာကဏ္ဍများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း အပါအဝင် ကဏ္ဍခုနှစ်ရပ်အပေါ်မူတည်၍ ထည့်သွင်းစဉ်းစား ပေးအပ်သွားမည် ဖြစ်သည်။
ယခုကဲ့သို့ ပေးအပ်ခြင်းသည် ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိ တက္ကသိုလ်ဝင်စာမေးပွဲမအောင်မြင်သည့် ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့်ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်၊ လိုက်လျောညီထွေသည့် ကျွမ်းကျင်မှုများရရှိပြီး လူမှုဘဝမြင့်မားလာရေးကို ဆောင်ရွက်ပေးနိုင်ရန်နှင့် ထားရှိအပ်သည့် ”စံ”သတ်မှတ်ချက်များပြည့်မီအောင် ပိုမိုကြိုးစားလာနိုင်ရန်တို့အတွက် ဖြစ်သည်။
KST (ရိုးရာလေး)
(၄) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကနေစပြီး အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ် ထုတ်ပေးသွားမယ့်သတင်း
