ကလေးငယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုးရိမ်စရာမလိုတဲ့ အချက်များ

mother-lifting-up-and-turning-around-little-baby-PND4SA9.jpg

မွေးကင်းစ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး မိခင်တွေအနေနဲ့ အတော်လေး ဗဟုသုတ နည်းနေမယ်ဆိုရင်တော့ ဒါက မကောင်းလှပါဘူး။ ကလေးငယ်လေးတွေဟာ နို့ချိုသောက်သုံးတာ၊ အိပ်စက်ခြင်း လုံလောက်မှု ရှိ/မရှိ စတာတွေဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးလှပါတယ်။

ကလေးငယ်တွေ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်း နှစ်မျိုးစလုံးကို ရရှိနေတယ် ဆိုတာ သိရှိနိုင်ဖို့ လွယ်ကူတဲ့အချက် လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိခင်ရဲ့ထိတွေ့မှုနဲ့ အသံကို ငြိမ်သက်စွာ ခံစားခြင်း

ဒါဟာ မိခင်နဲ့ကလေးအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို သက်သေပြနိုင်တာပဲ ဖြစ်ပါတယ်။ မွေးကာစ ကလေးငယ်တွေဟာ ငိုတတ်ကြပါတယ်။ အရမ်းငိုတတ်ကြပါတယ်။ ကလေးငယ်လေးကို စကားပြောပေးရုံနဲ့တော့ အငို မတိတ်တတ်ပါဘူး။ မိခင် ဝမ်းဗိုက်အတွင်းမှာ ရှိစဉ်အခါကတည်းက မိခင်ရဲ့အသံဟာ ကလေးငယ်တွေအတွက် သာယာတဲ့တေးသံ ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာလည်း ကလေးငယ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်စေမယ့် အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ကလေးတွေ လူ့လောကအပြင်ဘက်ကို ရောက်ရှိလာပြီး မိခင်ရဲ့အသံကို ကြားရတဲ့အခါ၊ အနှီးလေးနဲ့ နွေးထွေးစွာ ရစ်ပတ်ပြီး မိခင်ရဲ့ ကိုယ်ငွေ့ကို ရရှိတဲ့အခါ ဒီအချိန်အခါတွေဟာ ကလေးတွေအတွက် ငြိမ်းချမ်းတဲ့ အချိန်တစ်ခု ဖြစ်ပါတယ်။ ကလေးငယ်လေးတွေဟာ မိခင်အနားမှာ ရှိတဲ့အချိန် အေးချမ်း ငြိမ်သက်နေတာဟာ မိခင်နဲ့ ကလေးငယ်လေးအကြား ချည်နှောင်တဲ့ သံယောဇဉ် ပထမအဆင့်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

တစ်နေ့ ဒိုင်ပါ ၈ – ၁ဝ ကြိမ်လဲလှယ်ပေး၍ ပေါင်ချိန်တိုးလာခြင်း

ကလေးငယ်ဟာ လုံလောက်တဲ့ နို့ကို သောက်သုံးပြီး တစ်နေ့နဲ့တစ်နေ့ နို့သောက်သုံးမှု မတူညီ ပြောင်းလဲနေတယ်ဆိုရင်တောင် ဒါဟာ ကျန်းမာမှုကို ပြသခြင်းပါပဲ။ ကလေးငယ်က မိခင်နို့ကို ဘယ်လောက်သောက်သုံးတယ်ဆိုတာ စိုစွတ်နေတဲ့ ဒိုင်ပါများက သက်သေပြနေပါတယ်။

တစ်နေ့မှာ အချိန်အနည်းငယ် တိတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို အာရုံစိုက်နေခြင်း

ဒါဟာ ကလေးငယ်အနေနဲ့ ကမ္ဘာလောကကြီးကို လေ့လာနေပြီး သင်ယူမှုကို စတင်လုပ်ဆောင်နေတယ်ဆိုတဲ့ သက်သေပါပဲ။ ကလေးငယ်လေးက အသံတိတ်နေပြီး ငြိမ်သက်နေခြင်းဟာ သူတို့ ပတ်ဝန်းကျင်မှာရှိတဲ့ အသစ်အသစ်သော အရာတွေကို လေ့လာ စူးစမ်းနေခြင်း ဖြစ်ပါတယ်။ ကလေးဟာ တစ်လ အရွယ်လောက်ရှိပြီဆိုရင် နိုးနေတဲ့ အချိန်ဟာ ပိုပိုပြီးများလာပါပြီ။ အဲဒီအချိန်ဟာ အမြင်အာရုံနဲ့ အချိတ်အဆက်ရှိမှုတွေ၊ စကားတွေကို စတင်ခံစားလာနေပြီ ဖြစ်ပါတယ်။

မကြားဖူးတဲ့ အသံတစ်ခုကို အာရုံစိုက်ကာ ငြိမ်နားထောင်ခြင်း

ဒီအချက်ဟာ ကလေးငယ်တွေရဲ့ အကြားအာရုံ တိုးတက်လာပြီး အသံတွေကို သိသာမြင်သာ သတိပြုမိလာစေဖို့ ဦးနှောက်ကို အသုံးပြုနေတာ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေဟာ မွေးစကတည်းက ကြားနိုင်စွမ်း ရှိပေမဲ့ မိခင်ဝမ်းဗိုက်အပြင်က အသံတွေကို ခွဲခြား စစ်ထုတ်နိုင်ဖို့အတွက်တော့ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်တတ်ပါတယ်။ အရုပ်ကလေး တစ်ရုပ်ကနေ ထွက်ပေါ်လာတဲ့ တေးသီချင်းအသံကို ကလေးငယ်တွေဟာ အာရုံစိုက်မိတတ်ကြပါတယ်။ အသံလာရာကို ရှာဖွေစူးစမ်းရင်း အဲဒီအသံအပေါ် ကလေးငယ်က တုံ့ပြန်တာကို မြင်တွေ့ရမယ်ဆိုရင် သူ့ရဲ့ အကြားအာရုံဟာ ကောင်းမွန်လာပြီး သူကြားတဲ့အရာကို စိတ်ဝင်စားမှု တိုးတက်လာခြင်း ဖြစ်ပါတယ်။

အဆင်ပုံစံများ၊ အရောင်များနဲ့ လှုပ်ရှားမှုများကို ကြည့်ရှုခြင်း

ဒီအချက်ကတော့ ကလေးငယ်တွေရဲ့ အမြင်စွမ်းအား ထက်မြက်လာပြီး ဦးနှောက်ဖွံ့ဖြိုးမှု တိုးတက်လာခြင်းကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ကလေးငယ်လေးက မျက်နှာကျက်မှာ တပ်ထားတဲ့ ပန်ကာကို စူးစိုက်ကြည့်နေတာဟာ အမြင်အာရုံ တိုးတက်မှု လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ မွေးကာစအရွယ်မှာ ကလေးငယ်က ၈လက်မနဲ့ ၁၂ လက်မကြား အကွာအဝေးကို မြင်နိုင်ပါတယ်။ ဒါဟာ ကလေးငယ်နဲ့ နို့ချို တိုက်ကျွေးနေတဲ့ မိခင် မျက်နှာအကြား အကွာအဝေးတစ်ခုလောက် ဖြစ်ပါတယ်။ တစ်လအရွယ်မှာဆိုရင် ၁၈လက်မ အကွာအဝေးကို မြင်နိုင်ပြီး ၂လသား အရွယ်ဆိုရင်တော့ အဆင်ပုံစံတွေ၊ တောက်ပတဲ့ အရောင်တွေနဲ့ ဖုန်း၊ ပန်ကာတို့လို လည်တဲ့ အရာဝတ္ထုပစ္စည်းတွေကို စပြီး စမ်းတဝါးဝါး မြင်လာနိုင်ပါပြီ။ အရောင်ခွဲခြားနိုင်မှု စွမ်းရည် မပြည့်ဝသေးတာကြောင့် သိသာကွဲပြားတဲ့ အရောင်တွေကိုသာ အာရုံစိုက်နိုင်ပါသေးတယ်။

မျက်လုံးချင်း ဆုံခြင်း၊ ရယ်မောခြင်း

ဒီအချက်ဟာ ကလေးငယ်ဟာ လူသားအချင်းချင်း အမှီသဟဲပြုတာ၊ ပျော်ရွှင်တတ်တဲ့အရွယ် ဖြစ်လာတာကို ဖော်ပြပါတယ်။ ကလေးငယ်နဲ့ ပထမဆုံးအကြိမ် မျက်လုံးချင်း ဆုံမိတတ်တာကတော့ တစ်လသားအရွယ်မှာ ဖြစ်တတ်ပါတယ်။ ၂လ အရွယ်မှာ ပထမဆုံးအကြိမ် ပြုံးတတ်ပြီး ၃လသားမှာတော့ ခိုးခိုးခစ်ခစ် ရယ်မောတတ်ပါတယ်။ ဒီလို တုံ့ပြန်မှုတွေအားလုံးဟာ ကလေးငယ်နဲ့ မိခင်အကြား ဆက်သွယ်မှုနဲ့ ပတ်ဝန်းကျင်ကို ပိုမိုသတိပြုလာခြင်းကို သက်သေပြနေပါတယ်။ ၅လသား အရွယ်လောက်မှာဆိုရင်တော့ ကလေးငယ်ကို ပြုံးပြတဲ့အခါ သူက ပြန်လည် ပြုံးပြလာတတ်နေပါပြီ။

ဒီလိုအပြုအမူအားလုံးဟာ ကလေးငယ်တွေ အစောပိုင်းကာလ ဘာသာစကားတိုးတက်မှုရဲ့ အရေးကြီးတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ကလေးငယ်လေးများဟာ စကားမပြောတတ်သေးခင် အချိန်အကြာပြီး မျက်လုံးချင်းတွေ့ဆုံမှုနဲ့ မျက်နှာအမူအရာ စတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုပြတဲ့ ဘာသာရပ်ကို အသုံးပြုတတ်ကြပါတယ်။ ဒါဟာ စကားလုံးတွေနဲ့ ဆက်သွယ်ပြောဆိုဖို့အတွက် ရှေ့ပြေးလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေ တခစ်ခစ်ရယ်မောနေတာ၊ ဗလုံးဗထွေးပြောဆိုတာတွေဟာ သူတို့ရဲ့အသံကို စမ်းသပ်နေခြင်းဖြစ်ပါတယ်။

အငိုလျော့နည်းပြီး ပုံမှန်ထက် အိပ်လာခြင်း

ဒီအချက်ဟာ ကလေးငယ်ရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးလာခြင်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ တစ်နေ့တာအချိန်မှာ ဘယ်လို ပြုမူသွားလာတယ်ဆိုတာကို မိခင် တစ်ယောက်အနေနဲ့ သတိထားမိပါသလား? နေ့ဘက်မှာ ခဏခဏ အိပ်တတ်ပြီး ညဘက်မှာ လေးနာရီခြားလောက် တစ်ကြိမ် နို့သောက်သုံးခြင်း၊ အစာစားခြင်းမျိုး ဖြစ်တတ်ပါတယ်။ တချို့ကလေးငယ်လေးတွေကတော့ ဒီလိုအဆင့်ကို အမြန်ရောက်တတ်ပြီး တချို့ကတော့ လေးလခန့်လောက်ထိတောင် ဒီအဆင့်ရောက်မလာကြသေးပါဘူး။

ခန္ဓာကိုယ်အလေးချိန်ကို စတင်ထောက်ပံ့မှုပြုလာနိုင်ခြင်း

ဒီအချက်ဟာ သူ့ရဲ့ ကြွက်သားသေးသေးလေးတွေက ပိုမိုသန်မာလာခြင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။ ကလေးငယ်ဟာ ဦးခေါင်းထောင်လာနိုင်ပြီဆိုရင် ဒါဟာ ကြွက်သားလေးတွေကို ကွေးဆန့်နိုင်လာတာ ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ မှောက်လျက်အနေအထားမျိုးမှာ အခြားသော ကြွက်သားလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။ ဥပမာ- ကြမ်းပြင်ပေါ်မှာ လှိမ့်ခြင်း၊ အကူအညီမပါဘဲ ထိုင်ခြင်းတို့ ဖြစ်ပါတယ်။

Ref: Parents “8 Signs of a Healthy Baby”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top