ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ Gym သွားသင့် မသွားသင့်

18-3-2020-yyl-017.jpg

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကလည်း ကျွန်တော်တို့ဘဝမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကျစ်လျစ်ဖို့နဲ့ ကျန်းမာရေးကောင်းဖို့အတွက် Gym ကစားဖြစ်ကြပါတယ်။ Gym နေ့တိုင်းသွားဖြစ်နေတဲ့သူတွေက Gym မသွားဖြစ်လိုက်ရင် အရမ်းသိသာပါတယ်။ Gym မသွားဘဲ နားလိုက်မယ်ဆိုရင် ကိုယ်အလေးချိန်ချနေတဲ့သူတွေက ပြန်ဝိတ်တက်လာနိုင်ပါတယ်။ ဒါပေမဲ့ သင် နေမကောင်းတဲ့အခါ Gym မသွားဖို့ အကြံပေးချင်ပါတယ်။ ရောဂါပိုးမွှားပျံ့နှံ့နိုင်ခြေရှိတယ်ဆိုတာကို မမေ့သင့်ပါဘူးနော်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အချိန်မှာလည်း လူစုလူဝေးတွေရှောင်ခိုင်းထားတာအပြင် ပွဲလမ်းသဘင်ကျင်းပတာတွေကိုလည်း ဖျက်သိမ်းခိုင်းထားပါတယ်။ စာသင်ကျောင်းတွေနဲ့ သင်တန်းကျောင်းတွေကိုလည်း ခတ္တပိတ်ထားသလို တချို့ရုံးတွေကလည်း ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခိုင်းထားကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ အရမ်းပြင်းထန်နေတဲ့အတွက်ကြောင့်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ Gym သွားနေကျလူတွေက Gym သွားသင့် မသွားသင့် ဇဝေဇဝါဖြစ်နေကြမှာပါ။ Gym သွားသင့် မသွားသင့်ကို ဒီအကြောင်းအရာကနေ မျှဝေပေးလိုက်ရပါတယ်။

Gym သွားတာကို ရှောင်ရှားသင့်လား

ရောဂါကူးစက်ခံမှုက အရမ်းလျင်မြန်နေတဲ့အတွက် ကျန်းမာရေးအဖွဲ့အစည်းတွေက ရောဂါကူးစက်နိုင်ခြေမြင့်တဲ့ လူများတဲ့နေရာတွေ၊ အများပြည်သူသုံး ကားအသုံးပြုတာတွေကို ရှောင်ဖို့ သတိပေးထားပါတယ်။ Gym တွေကလည်း အညစ်ပတ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်နိုင်ပြီး အဲဒီမှာ ရှိတဲ့ပစ္စည်းတွေ၊ နေရာတွေက မျှသုံးရတာကြောင့် တစ်ယောက်ကနေ တစ်ယောက်ဆီ ရောဂါကူးစက်နိုင်ခြေ ပိုများတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လို ရောဂါပိုးမွှားတွေက အရာဝတ္ထုတွေ၊ စိုထိုင်းတဲ့နေရာတွေမှာ ရှိနေတတ်ပါတယ်။ Gymမှာဆိုရင် လေ့ကျင့်ခန်းလုပ်ရတဲ့ပစ္စည်းတွေ၊ စက်တွေကနေ ရောဂါကူးစက်နိုင်ခြေများပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ချွေးကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ မှတ်တမ်းတော့မရှိပေမဲ့ အအေးမိဖျားနာ၊ ချောင်းဆိုးတာတွေဖြစ်နေတဲ့ လူတစ်ယောက်က သူ့ရဲ့လက်တွေနဲ့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်လိုက်မယ်ဆိုရင် ရောဂါပျံ့နှံ့မှုတွေ ဖြစ်လာနိုင်ပါတယ်။ Gym သွားတာကို လုံးဝမရှောင်ရှားနိုင်ဘူးဆိုရင်တော့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတာအကောင်းဆုံးပါပဲ။ ထိတွေ့မှုများတဲ့ နေရာတွေအားလုံးကို အဝတ်နဲ့ သန့်ရှင်းအောင်သုတ်ပေးပါ။ Gym မှာရှိတဲ့ ရေချိုးခန်းတွေမှာလည်း ရေချိုးတာရှောင်ကျဉ်ပါ။ အဲဒီနေရာတွေက ရောဂါကူးစက်နိုင်ခြေ ပိုများပါတယ်။ ဖြစ်နိုင်ရင်တော့ အခုချိန်မျိုးတွေမှာ Gym အပါအဝင် အခြားဘယ်နေရာတွေမှ မသွားတာအကောင်းဆုံးပါပဲ။ Gym မသွားရတဲ့အချိန်တွေမှာ အိမ်မှာပဲ သင် တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။

Ref: Coronavirus outbreak: Should you avoid going to the gym right now?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top