တောက်တောက်ပြေးတို့အတွက် အစားအစာ စားသုံးခြင်းနှင့် အာဟာရ

a-toddler-boy-eating-at-home-PGZ9M57.jpg

ကလေးငယ်လေးများအနေဖြင့် တောက်တောက်ပြေးတဲ့ အရွယ် ရောက်လာပြီဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုက အရင်ကထက် ပိုမိုနှေးလာပြီး တစ်ခါတလေမှာ စားချင်စိတ်လည်း လျော့နည်းလာတတ်ပါတယ်။

တောက်တောက်ပြေး ကလေးငယ်လေးတွေရဲ့ ဝမ်းဗိုက်လေးက သေးငယ်တဲ့အတွက် အစားအစာ အနည်းငယ်သာ လိုအပ်နိုင်ပါတယ်။

သူတို့လေးတွေအတွက် သင့်တော် မှန်ကန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရတွေ စားသောက်ရင်း ကြီးထွားဖွံ့ဖြိုးစေဖို့ မိဘတွေက ဂရုတစိုက် ကျွေးပေးသင့်ပါတယ်။ စားသောက်ချိန် မမှန်ခြင်းတွေ၊ ကိုယ်ခန္ဓာ အလေးချိန်တွေ ကစဉ့်ကလျား မဖြစ်နိုင်စေအောင် မိဘကိုယ်တိုင် စားသောက်မှု အလေ့အကျင့် ပုံမှန်အတိုင်းဖြစ်အောင် လေ့ကျင့်သင့်ပြီး ကလေးနဲ့ မိသားစုကိုလည်း ဒီလို စားသောက်မှုပုံစံကို မြှင့်တင်ပေးရမှာပါ။

ဝမ်းဗိုက်လေးတွေ သေးငယ်တယ်လို့ ပြောထားတဲ့အတွက် ကလေးငယ်လေးတွေကို နံနက်စာ၊ နေ့လည်စာ၊ ညစာတွေအပြင် ကလေးငယ်တွေရဲ့ စွမ်းအင်နဲ့ အာဟာရကို ပံ့ပိုးကူညီပေးဖို့ မနက်နဲ့ နေ့လည်ကြားချိန်၊ နေ့လည်နဲ့ ညနေကြားချိန်တွေမှာလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မုန့်လေးတွေ ကျွေးပေးသင့်ပါတယ်။

နွားနို့၊ အချိုရည်သောက်ခြင်းဟာ ကလေးငယ်ရဲ့ စားသောက်ချင်စိတ်ကို ထိခိုက်စေတဲ့အတွက် အဲဒါတွေအစား ရေကိုသာ တိုက်ပေးသင့်ပါတယ်။ တိုက်မယ်ဆိုရင်လည်း အချိုရည်မပါတဲ့ သဘာဝစစ်စစ် အသီးဖျော်ရည်မျိုး တစ်ခွက်လောက် တိုက်ပေးနိုင်ပါတယ်။ ကလေးငယ်လေးတွေ အရသာအသစ် အမျိုးမျိုးကို ထိတွေ့ အာရုံခံနိုင်ဖို့ အစားအစာ၊ အနံ့အရသာ အမျိုးမျိုးကို ကျွေးပေးသင့်ပါတယ်။ ကလေးငယ်တွေကို အလွန်အကျွံ မစားသောက်စေဘဲ သူတို့ လိုအပ်သလောက် အစားအသောက် ပမာဏကို ချိန်ညှိ စားသောက်စေရပါမယ်။

ဘယ်အချိန်မှာ ဘယ်လိုအရာကို တိုက်ကျွေးဖို့ မိဘအနေနဲ့ စဉ်းစားနေချိန်မှာ ကလေးငယ်လေးကလည်း ဘာကို စားမယ် ဘယ်လောက်စားမယ်ဆိုတာ စဉ်းစားနေပါလိမ့်မယ်။ သူစားတဲ့အချိန်မှာ စားမယ်။ သူ့ကိုယ်သူ အဆာခံမှာ မဟုတ်တာကို မမေ့ပါနဲ့။ သူတို့ ဗိုက်ဆာတဲ့အချိန် ဗိုက်ဝတဲ့အချိန်တွေကို အလိုလိုသိတဲ့ သဘာဝစွမ်းအင်တွေ ရှိကြပါတယ်။ ဒါကြောင့် အစာပြီးအောင် စားသောက်ဖို့ အတင်းအကျပ် တိုက်တွန်းခိုင်းစေမယ်ဆိုရင် သူတို့ရဲ့ သဘာဝစွမ်းအင်ကို ပယ်ဖျက်မိသလို ဖြစ်နေပါလိမ့်မယ်။

ကောင်းမွန်စွာ စားသောက်နိုင်စေဖို့ အကြံပေးချက်များ

၁။ အစာမစားခင်မှာ လှုပ်ရှားမှု အသေးစားလေး သို့မဟုတ် အနားယူခြင်းဟာ အကြံကောင်း တစ်ခု ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်ကာ အားအင် ကုန်ခမ်းနေတဲ့ ကလေးငယ်ဟာ အစာစားခြင်းမှာ ကောင်းကောင်း စိတ်ဝင်စားနိုင်မှာ မဟုတ်ပါဘူး။

၂။ အစားအစာ စားသောက်ခြင်းဟာ အနှောင့်အယှက် မရှိဘဲ အေးချမ်း တိတ်ဆိတ်တဲ့ ဝန်းကျင်မှာ ရှိသင့်ပါတယ်။ စားရင်း လျှောက်သွားတာမျိုး မလုပ်နိုင်အောင် ကြိုးပမ်းပါ။

၃။ တတ်နိုင်သမျှ ကလေးငယ်လေးတွေ မိသားစုနဲ့အတူ စားသောက်ချိန်မှာ ထိုင်စားပါစေ။ ဒါမှသာ အခြားသူတွေထံမှ စားသောက်တဲ့ပုံကို သူတို့လေးတွေ ကြည့်ကာ အတုယူနိုင်မှာ ဖြစ်ပါတယ်။

၄။ ကလေးငယ်လေးတွေ အစားစားဖို့ အချိန်အလုံအလောက်ပေးပါ။ အလောတကြီး မစားသောက်ခိုင်းပါနဲ့။ သေချာစွာ ကြေညက်ပါစေ။

၅။ ကလေးငယ်တွေ စားသောက်တဲ့ အစားအစာတွေဟာ ကိုင်တွယ်ရ လွယ်ကူပါစေ။ အစားအစာဟာ လည်ပင်းမှာ တစ်ဆို့ခြင်းဟာ အလွယ်တကူ ဖြစ်နိုင်စေလို့ မုန့်စားနေချိန်မှာတောင် အနီးနားမှာ အမြဲရှိနေပါစေ။

၆။ အစားစားချိန် မုန့်စားနေချိန်မှာ စားပွဲပေါ်မှာ ရေအလုံအလောက် ထားထားပေးပါ။ ကလေးငယ်နဲ့အတူ အပြင်သွားတဲ့အခါမှာလည်း ရေဘူးများ အမြဲထည့်သွားပါ။ ဒါမှသာ ကလေးငယ် ရေဆာချိန်တိုင်း အလွယ်တကူ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

၇။ အစားစားချိန် သက်တောင့်သက်သာ ဖြစ်ပါစေ။ ကလေးနှင့် အစားအသောက်အကြောင်းပဲ မပြောဘဲ အခြား စကားလေးများ ပြောပေးပါ။

ကလေးငယ်ရွယ်စဉ် အစောပိုင်းအချိန်ကစပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမျိုးစုံကို ကျွေးမယ်ဆိုရင် ကလေးငယ်ဟာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်ကို အလွယ်တကူ ရွေးချယ်လာနိုင်မှာပါ။ ပုံမှန် အစားစားခြင်းမှာ ကျန်းမာတဲ့ စိတ်နဲ့ ကိုယ်ခန္ဓာကို တိုးမြင့်စေပါတယ်။

Ref : Amoils “Toddler Nutrition”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top